ရနောင်းတွင် ယာယီနိုင်ငံကူးလက်မှတ်လုပ်ရန် မြန်မာအာဏာပိုင်ရုံးဖွင့်

သတင်းနှင့်မီဒီယာကွန်ယက်၊ အားမီ။
ဇူလိုင်လ ၂ ရက်၊ ၂၀၁၀ ခုနှစ်။

ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းမြို့တွင် ရွှေ့ပြောင်းမြန်မာအလုပ်သမားယာယီနိုင်ငံကူး လက် မှတ်ပြုလုပ်ပေးရန် ယမန်နေ့က စတင်၍ ရုံးဖွင့် ဖွင့်လှစ်လိုက်သည်။

မြန်မာဘက်ခြမ်း ကော့သောင်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးဌာန(လ၀က)က ဝန်ထမ်း ၃၀ ခန့်က တာဝန်ယူ လာ ရောက်လုပ်ပေးနေသည်။

ထိုင်းနိုင်ငံ၊ ရနောင်းတွင်လာရောက်လုပ်ပေးရခြင်းသည် မိုးရာသီဖြစ်သည့်အတွက် ရေလမ်းကြောင်း အန္တရာယ် ကာကွယ်သည့် သဘောဖြစ်သည်ဟု ရနောင်းနေ လ၀က နှင့် နီးစပ်သူ အလုပ်သမားတဦးက ယခုလိုပြော သည်။

“အခုရနောင်းဖက်အခြမ်းမှာ လာလုပ်တဲ့အကြောင်းရင်းကတော့ အခုမုတ်သုံရာသီ သုံးလမှာ ယာယီ လာလုပ်ပေးခြင်းဖြစ်ပါတယ်။ တကယ်လို့ကော့သောင်မှာသွားလုပ်မယ်ဆိုရင် ကော့သောင်ဖက်ခြမ်းကို သွားကူးရတာ အလုပ်သမားလုံခြုံရေးအဆင်မပြေလို့၊ နောက်ပြီး ဒီချိန်မှာက လှိုင်းကြီးတယ်လေ။ အများကြီး အဆင်ပြေလာတာပေါ့ဗျ။”

မိုးရာသီအတွင်း ရေလမ်းသွားလာရေး ခက်ခဲသောကြောင့် အန္တရာယ်ရှိကြောင်းကိုလည်း ရနောင်းတွင် နေထိုင် သည့် စေတနာ့ဝန်ထမ်း တဦးက ယခုလိုပြောသည်။

“ဘာလို့လဲဆိုတော့ ကော့သောင်နဲ့ရနောင်းက မဝေးလှဘူးဆိုပေမယ့် အန္တရာယ်တော်တော် များတယ် ရှင့်။ ဘာကြောင့်လည်းဆိုတော့ တခါတလေလှိုင်းက တော်တော်လေးဆိုးတယ်၊ ရုတ်တရက် ဆိုတာ မျိုးလေ၊ လှိုင်းကကြီးလာတာမျိုး၊ အဲလိုမျိုးဆိုရင် လူအများနဲ့ စက်လှေ လိုက်ကြရင် နစ်မြုပ်နိုင် တယ် လေ။”

အလုပ်သမားတဦးက“မနေ့ကနဲ့ဒီနေ့ဆိုရင်လည်း ဒီနေ့ကပိုများလာတယ်ဗျ။လက်မှတ်လာလုပ်တဲ့ အလုပ် သမား တွေကတော့ အများကြီးပဲ။ အသုတ်လိုက် အသုတ်လိုက်လာကြတာပဲ။ တသုတ် တသုတ်မှာ လူအယောက် ၅၀၊ ၆၀ အဲ့လောက်ရှိတယ်။ အနည်းဆုံးပေါ့နော်။ လာလုပ်တဲ့လူတွေ များလာတယ်။” ဟုပြောသည်။

ယခင် ယာယီနိုင်ငံကူးလက်မှတ်လုပ်ရန် ကုန်ကျစရိတ် ဘတ်ငွေ ၆၀၀၀ ကျော် ပေးဆောင်ရပြီး ယခု ရနောင်း တွင် လာရောက် ပြုလုပ်ပေးရာတွင် ကုန်ကျစရိတ်မှာ သက်သာကြောင်း ၎င်းက ယခုလို ဆက်ပြောသည်။

“အခုကစရိတ်လည်း သက်သာလာတယ်လေ။ ဘတ် ၅၅၀၀ က ဒီဖက်ရော ဟိုဖက်ရောပေးပြီးသား အပြင် ဒီကိုပို့ပေးတာရော၊ နေရာရောက်အောင်ပြန်ပို့ပေးတာရော၊ ခရီးစရိတ်အပြီးအငြိမ်းလို့ပြောတာ ပဲ။ အရင်ဟိုဖက်ကမ်းတုန်းကဆိုရင်တော့ ၆၀၀၀ ကျော်ကုန်တယ်။”

ယာယီနိုင်ငံကူး လက်မှတ်လုပ်ပေးသော ကုမ္ပဏီများကို အပြတ်ပေးပြီးလုပ်သောသူများ ရှိသလို ပွဲစားများနှင့် လုပ်သောသူများအပြင် ကိုယ်တိုင်လာရောက်လုပ်ကိုင်သောသူများ လည်းရှိကြောင်း သိရသည်။

မိုးရာသီအတွင်း ကျရောက်နိုင်သောအန္တရာယ်အတွက် စိုးရိမ်စရာမလိုတော့သလို ကုန်ကျစရိတ်သက်သာပြီး အ ချိန်ကုန်သက်သာကြောင်းကိုလည်း ယခင်ကော့သောင်တွင် သွားရောက်လုပ်ကိုင်ဖူးသော ရွှေ့ပြောင်းအလုပ် သမားတဦးက ယခုလိုပြောသည်။

“အချိန်လည်းတိုတယ်လေ၊ နောက်ပြီး အန္တရာယ်လည်း ကင်းတယ်လေ။ ဟိုဖက်ကမ်းမှာ လုပ်တုန်းက ဆိုရင် ရောက်ရောက်ခြင်းပြီးတာ မဟုတ်ဘူးလေ။ တနေကုန်ကြာတယ်။ စားရေး သောက်ရေး၊ နေရေး ထိုင်ရေးကအစပေါ့နော်။ လူလည်းနဲနဲ ပင်ပန်းတယ်။ အခုဒီမှာကျတော့ ဟိုဖက်ကမ်းကိုမကူးရပဲ ရနောင်း မှာပဲပြီးသွားတယ်ဆိုရင် ဒီဖက်မှာရှိတဲ့ တခြားရုံးတွေဘာတွေကိုလည်း ဆက်တိုက် တရက်ထဲ ပြီးအောင်လုပ်နိုင်သေးတယ်လေ။”

ယာယီနိုင်ငံကူးလက်မှတ်ကို ရနောင်းရှိ အလုပ်သမားများသာမက အခြားခရိုင်ဒေသမှ အလုပ်သမား များလည်း လာရောက် ပြုလုပ်ကြသည်ဟု ယင်းရုံးအနီးတွင်အလုပ်လုပ်နေသည့် အလုပ်သမားတဦးက ပြောသည်။

“တရက် တရက်မှာ အနည်းဆုံးကား ၅ စင်းတော့လာနေတာပဲ။ အပေါ်ကလာတာ များတယ်နော်။ ဒီ ရနောင်းကလူတွေတော့ မတွေ့သေးဘူး။ လွတ်ထို (ခရီးသည်တင်ကား) တွေနဲ့လာတာတော့ မြင် တယ်။ အပေါ်ပိုင်းဆိုတာက ဘန်ကောက်၊ မဟာချိုင်၊ ဖူးကပ်၊ ဆူရတို့ပေါ့နော်။ အဲ့လိုအုပ်လိုက် ဆင်း လာတာတော့မြင်နေတယ်ရှင့်။ VIP ကားနဲ့လာကြတာ။”

မေလ (၁၀) ရက်နေ့တွင် ထိုင်းအလုပ်သမားဝန်ကြီးဌာန အကြီးအကဲ နိုင်စုန် ဖဝျူးခွန်၊ ရနောင်းမြို့၊ ဒု-မြို့နယ်မှူး နိုင်ကီလိုဝပ်ဖုန်နနှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ဦးအောင်သင်းနှင့် အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးပြီးနောက် ယခုလိုအကောင်ထည်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

ရွှေ့ပြောင်းမြန်မာအလုပ်သမားများအတွက် ယာယီနိုင်ငံကူးလက်မှတ်များကို လုပ်ဆောင်ပေးနေရာ ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်း-ကော့သောင်တွင်အပြင် နယ်စပ်မြို့များဖြစ်သည့် မဲဆောက်-မြဝတီ၊ မဲဆိုင်-တာချီလိတ် မြို့များတွင်လည်း ရုံးဖွင့်လှစ်ပြီး လုပ်ပေးလျှက် ရှိသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။