အိန္ဒိယ၏ မြန်မာအပေါ် သဘောထား ချင်းမိုင် လှုပ်ရှားသူများ ဆန့်ကျင်

ခွန်အောင်မြတ်။
အောက်တိုဘာလ ၂ ရက်၊ ၂၀၀၇ ခုနှစ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အိန္ဒိယကောင်စစ်ဝန်ရုံးရှေ့တွင် ထိုင်းနှင့် မြန်မာ လှုပ်ရှားသူ ၁၅၀ ခန့် စုစည်းကာ မြန်မာ ပြည်တွင်း မငြိမ်မသက်ဖြစ်နေသည့် အခြေအနေ အတွင်း မြန်မာအစိုးရနှင့် သဘာဝဓါတ်ငွေ့ဝယ်ယူရေး စာချုပ် များ ချုပ်ဆိုခဲ့မှုကို အိန္ဒိယ လွတ်လပ်ရေးကြိုးပမ်းမှု ခေါင်းဆောင် မဟတ္တမဂန္ဒီ၏ မွေးနေ့ဖြစ်သော ယနေ့တွင် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

ထိုင်းအခြေစိုက် အစိုးရမဟုတ်သော အဖွဲ့များနှင့် မြန်မာ့အရေးလှုပ်ရှားသူများ ပူးပေါင်း ဖွဲ့စည်းထားသည့် Lanna Action for Burma (LAB) က ယနေ့ဆန္ဒပြပွဲကို ဦးဆောင်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ နိုင်ငံကြီးဟု ကြွေးကြော်နေသော အိန္ဒိယ၏ မြန်မာနိုင်ငံအပေါ် သဘောထားကို ကန့် ကွက် ဆန့်ကျင်ဆန္ဒပြခြင်းဖြစ်သည်ဟု ဆန္ဒပြပွဲ ဦးဆောင် စီစဉ်သူ တဦးဖြစ်သည့် မစုစုမြတ်က ပြောသည်။

“အားလုံးပဲ သတင်းမီဒီယာတွေသိကြတဲ့အတိုင်းပဲ အရင်တပါတ်က အိန္ဒိယအစိုးရနဲ့ မြန်မာအစိုးရနဲ့ သဘာဝဓါတ်ငွေ့ ကုန်သွယ်ရေးအတွက် သဘောတူညီချက်တွေ လုပ်တယ် နော်။ အဲဒီအချိန်တပြိုင် နက်ထဲမှာပဲ ပြည်တွင်းမှာ ဆန္ဒတွေ ပြနေတယ်။ အဲဒါ ဒီလောက် ဒီမိုကရေစီ ကြီးမားတဲ့ နိုင်ငံက စစ် အစိုးရနဲ့ ဂက်စ်ပိုက်လိုင်းကိစ္စ ကုန်သွယ်ရေး လုပ်တယ်ဆိုတာကို ကျမတို့အနေနဲ့ လက်မခံဘူး။ ဆို တော့ အိန္ဒိယက ကုမ္ပဏီတွေ မြန်မာပြည်ကနေပြီးတော့ ထွက်ခွာပေးဖို့အတွက် ကျမတို့က တောင်း ဆိုတာ။ ပြီးလို့ရှိရင် လည်း ဒီမိုကရေစီအတွက် လှုပ်ရှားနေတဲ့ ငြိမ်းချမ်းစွာ လှုပ်ရှားနေတဲ့ သူတွေကို ထောက်ခံ အားပေးဖို့အတွက်။ ”

ယနေ့ ကျရောက်သော မဟတ္တမဂန္ဒီ၏ မွေးနေ့တွင် ရွေးချယ်၍ ယခုလို အိန္ဒိယ ကောင်စစ်ဝန်ရုံးရှေ့တွင် မြန်မာ့ အရေးလှုပ်ရှားသူများ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

“ကြွေးကြော်သံတွေကတော့ ကျမတို့က ပြောတယ် အိန္ဒိယ မြန်မာပြည် စစ်အစိုးရနဲ့ လုပ်နေတဲ့ စီးပွားရေး သဘောတူညီမှုတွေ၊ ကုမ္ပဏီတွေ ထွက်ခွာသွားဖို့ ကျမတို့ တောင်းဆိုတယ်။ ပြီးတော့ ဒီနေ့ဟာ ဂန္ဒီရဲ့ မွေးနေ့ ဖြစ်တဲ့အတွက်ကြောင်လည်း ကျမတို့ အိန္ဒိယသံရုံးရှေ့မှာ ဆန္ဒတွေ လာပြ ကြတယ်။ တောင်းဆိုချက်က ဂန္ဒီဟာ ငြိမ်းချမ်းစွာ လုပ်ရှားခဲ့တဲ့ ကမ္ဘာကျော်တဦး ဖြစ်ခဲ့တဲ့အတွက် ကြောင့်မို့လို့ အဲဒါလည်းပါတယ်ပေါ့နော်။ ကျမတို့ ပြည်တွင်းမှာဆိုရင်လည်း လှုပ်ရှားနေတယ်။ ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ ပြည်သူလူထု ရဟန်းရှင်တွေကလည်း ငြိမ်းချမ်းစွာဆန္ဒပြနေတာကို ဆိုတာပေါ့နော် အဲဒါကြောင့်ပါတယ်ပေါ့။” ဟု မစုစုမြတ်က ဆက်ပြောသည်။

ဆန္ဒပြတောင်းဆိုမှု ကြွေးကြော်သံများ ဟစ်အော်ကြပြီးနောက် LAB ကော်မတီ တာဝန်ရှိသူ နှစ်ဦးက အိန္ဒိယ ကောင်စစ်ဝန်ရုံးမှ တာဝန်ရှိသူနှင့် ၀င်ရောက်တွေ့ဆုံဆွေးနွေးပြီး ကန့်ကွက်တောင်းဆိုစာများကို ပေးအပ်ခဲ့ရာ ကောင်စစ်ဝန်ရုံးမှ အဆင့်မြင့်အရာရှိတဦးက လက်ခံခဲ့သည်။

ယနေ့ဆန္ဒပြပွဲတွင် အာဏာပိုင်များ တားဆီးနှောက်ယှက်ခြင်း တစုံတရာ မရှိပေ။

မြန်မာပြည်အတွင်း ရဟန်းတော်နှင့် ပြည်သူလူထုတို့က စစ်အစိုးရအပေါ် ဆန့်ကျင်ဆန္ဒပြ နေချိန်တွင် အိန္ဒိယ အစိုးရက မြန်မာစစ်အစိုးရအား ဒေါ်လာသန်း ၂၀ ချေးခဲ့ပြီး ဒေါ်လာသန်း ၁၅၀ တန်ဖိုးရှိ သဘာဝဓာတ်ငွေ့ ရောင်းဝယ်ရေး စာချုပ်ကို ချုပ်ဆိုခဲ့သည်။

လက်ရှိဖြစ်ပေါ်နေသည့် မြန်မာပြည် အရေးအခင်းသည် အတွင်းရေးကိစ္စသာဖြစ်ပြီး အိန္ဒိယအစိုးရအနေဖြင့် မြန် မာ စစ်အစိုးရနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရန် လုပ်ဆောင်လျှက်ရှိကြောင်း အိန္ဒိယ ကြည်းတပ် ဦးစီး ချုပ် က သတင်းဌာနများကို ပြောဆိုခဲ့သည်။

ယနေ့ညနေ ၆ နာရီအချိန်တွင်လည်း ချင်းမိုင်မြို့လယ်ရှိ ဘုရင်သုံးပါး ကျောက်တိုင်ရှေ့တွင် မြန်မာပြည်အတွင်း ကျဆုံးသွားသည့် ဆန္ဒပြ သံဃာတော်များနှင့် ပြည်လူထုများကို ရည်စူးပြီး မြန်မာ့အရေး လှုပ်ရှားသူများစုပေါင်း တရားဘာဝနာပွားပြီး ဆုတောင်းပွဲ ကျင်းပရန်ရှိသလို လာမည့် ၄။ ၅။ ၆။ ၈ ရက်နေ့တွင်လည်း ချီတက် ဆန္ဒပြပွဲများ၊ ဆုတောင်းပွဲများကို ဆက်လက်ကျင်းပရန် ရှိသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။