တာချီလိတ်တွင် စိတ်ကြွဆေးပြား ၂ သိန်း ဖမ်းဆီး

နွယ်လေး။
သြဂုတ်လ ၃ရက် ၊ ၂၀၀၉ ခုနှစ်။

ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်မှ တာချီလိတ်မြို့တွင်း ၀င်လာသည့် ဆိုင်ကယ်နှစ်စီးတွင် စိတ်ကြွဆေးပြား အလုံးနှစ်သိန်းခန့်ကို ပြီးခဲ့သည့် စနေနေ့တွင် ဖမ်းဆီးရမိသည်ဟု ရဲစခန်းနှင့်နီးစပ်သူ တစ်ဦးကပြောသည်။

၎င်းက “စီးလာတဲ့ တရားခံက လောယုံ၊ အိုက်ရှိန်း ၊အိုက်သား သူတို့ သုံးဦးကို ဖမ်းမိတယ်။ ရှောင်တ ခင်  ရှာဖွေစစ်ဆေးတဲ့ အခါမှာ ဆိုင်ကယ်နောက်က တင်လာတဲ့ ဆီပုံးနှစ်ပုံးထဲမှာ စိတ်ကြွ ဆေးပြား တွေဖမ်းမိတာ။” ဟုပြောသည်။

မိုင်းဆတ်မြို့မှ တာချီလိတ်မြို့အ၀င်  လွယ်တော်ခမ်းဂိတ်အနီးတွင် ခမရ ၃၅၉ ယာယီ တပ်ရင်မှုး ဗိုလ်မှုးမြတ်သူ စိုး ဦးစီးအဖွဲ့၊ ဌာန ဒုရဲအုပ်လှထွေးနှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ ရှောင်တခင် ၀င်ရောက်စစ်ဆေးစဉ် ဖမ်းဆီး ရမိခြင်းဖြစ်သည်။

“ဒီဂိတ် ရောက်သွားရင် လွတ်သွားနိုင်ဖွယ်ရှိတယ်။ဘာလို့ဆိုဒီလို သာမန်ဆိုင်ကယ်နဲ့ ဆင်းလာတဲ့ သူကို စစ်ဆေးလေ့မရှိဘူး။သူတို့က သာမန်တောင်ပေါ်သားဆို ပုံမှန်ဆီလာ ၀ယ်တယ်။ သာမန် ဆီဆင်းဝယ်တဲ့ ပုံစံနဲ့ပေါ့။” ဟု ဆက်ပြောသည်။

၎င်းအမှုနှင့်ပတ်သက်ပြီး တာချီလိတ်မြို့နယ်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ဒုရဲအုပ်တစ်ဦးက “ကိုယ်တိုင်လာ ယူရင် ရရင်ရမယ်။ အထက်က ခွင့်ပြုချက်ရမှ ပေးလို့ရတယ်လေ။ ကျနော်တို့က ပေးခွင့် မရှိဘူး”ဟု ပြောသည်။

ဖမ်းဆီးမိသူ တရားခံသုံးဦးအား ယမန်နေ့ ၄ နာရီတွင် တာချီလိတ်မြို့နယ် ရဲစခန်းသို့ လွဲပြောင်းစစ်ဆေးပြီး ယခု ကျိုင်းတုံထောင်သို့ပို့ပြီး အမှုဆက်လက်စစ်ဆေးသွားမည်ဟု ရဲစခန်းနှင့် နီးစပ်သူက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ၁၀ရက်နေ့က တာချီလိတ်မြို့ လွယ်တော်ခမ်းဂိတ်မှာ ကျပ်ငွေ သန်း ငါးထောင်ကျော် တန်ဖိုးရှိ ဘိန်းဖြူဘလောဂ်တုံး၇၆၀ကီလိုဂရမ်ကျော်နှင့် စိတ်ကြွဆေးပြား ၃သိန်း ၄သောင်းကျော် ဖမ်းဆီးရမိခဲ့ကာ ၁၄ ရက်နေ့ကလည်း ဘော်လုံးကွင်းအနီး စားသောက်ဆိုင်တွင် လာရောက်စားသောက်သူတဦးထံမှ စိတ်ကြွဆေး ပြား တသိန်း ငါးသောင်းကျော် ဖမ်းဆီးရမိခဲ့သည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။