မြန်မာပြည်မှ လှေစီးပြေး ဒုက္ခသည် ၁၆၀ကျော်ကို ထိုင်းတွင် ထပ်မံဖမ်းဆီး

ဧပြီလ ၄ရက်၊ ၂၀၀၇ခုနှစ်။

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် ပင်လယ်ပြင်တွင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ လှေစီး၍ ထွက်ပြေးလာသော မူဆလင် အမျိုးသား ၁၆၂ယောက်ကို ထိုင်းကမ်းရိုးတမ်းစောင့်ရဲများက ဖမ်းဆီးလိုက်သည်။

အဆိုပါ အဖမ်းအဆီးသတင်းကို မြန်မာအလုပ်သမားများအရေး ဆောင်ရွက်နေသော ဖန်ငခရိုင်အခြေစိုက် အခြေခံ လူထု လူအခွင့်အရေး ပညာပေးဌာန၏ ဒါရိုက်တာ ဦးထူးချစ်က ယခုလို ပြောသည်၊ 

“မနေ့က နေ့လည် တနာရီလောက်မှာ တစီးပေါ့။ အဲဒီတစီးက အကုန်လုံး ၉၃ယောက် ပါတယ်။ အဲဒီလူတွေကို ကျနော်တို့ စားသောက်စရာနဲ့ ရေတွေ အကူအညီပေးနေတဲ့အချိန် ၅နာရီလောက်မှာပဲ ကျနော်တို့ရဲ့ ထိုင်း တာဝန်ခံကို ဖုန်းလှမ်းဆက်ပြီးတော့ နောက်ထပ် တစီး ထပ်မိထားတယ်ဆိုပြီးတော့ပြောတယ်။ နောက်ထပ်တစီး မှာတော့ ၆၈ယောက်ပေါ့။ မနေ့က ဖမ်းမိတာ လှေနှစ်စီးဖမ်းမိတယ်။ အကုန်လုံး ၁၆၁ယောက်ပေါ့။”

ဖမ်းဆီးခံရသူများသည် ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်းတောနှင့် မြေပုံမြို့နယ်များမှဖြစ်ပြီး ယခု အခါ  ဖန်ငရှိ လူဝင်မှုကြီးကြပ်ရေးအချုပ်တွင် ထိန်းသိမ်းထားသည်။

၎င်းတို့သည် မြန်မာအစိုးရ၏ လယ်ယာမြေသိမ်းဆည်းမှု၊ အဓမ္မလုပ်အားပေးစေခိုင်းမှုစသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နေရင်းဒေသတွင် စီးပွားရေးကျပ်တည်းမှုများကြောင့် မလေးရှားနိုင်ငံသို့သွားရောက် အလုပ် အကိုင်ရှာဖွေရန် လာရောက်စဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများကို ထိုင်းရဲများက စစ်ဆေးပြီးနောက် လူဝင်မှုကြီးကြပ်ရေးဌာနသို့ လွဲပြောင်းကာ  မြန်မာနိုင်ငံ နယ်စပ်သို့ ပြန်လည် ပို့ဆောင်မည် ဖြစ်သည်။

လွန်ခဲ့သည့်နှစ် အောက်တိုဘာလမှ စ၍ လှေစီး၍ ထွက်ပြေးလာသော ရိုဟင်ဂျာခေါ် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မူဆလင် အမျိုးသား ၂၀၀၀ ကျော်ကို ထိုင်းနိုင်ငံတောင်ပိုင်း ကမ်းခြေတွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီး ခဲ့ပြီးဖြစ်သည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ ပါမောက္ခ ပေါ်လို ဆာဂျီယို ပီညဲယိုးအပါအ၀င် ကမ္ဘာ့ကုလသမဂ္ဂရှိ  လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူများက မြန်မာစစ်အစိုးရအား ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လူနည်းစု မူဆလင်များအပေါ် ခွဲခြားဆက်ဆံမှုများကို အဆုံးသတ်ရန် ယခုလ ၂ရက်နေ့က တောင်းဆိုထားသည်။ ၄င်းတို့ က ယင်းသို့ ခွဲခြားဆက်ဆံမှုနှင့် ဖိနှိပ်မှုများကြောင့် မူဆလင် ဒုက္ခသည်များ အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေး နေ ရကြောင်း ထောက်ပြထားသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။