ထိုင်းမြန်မာနယ်စပ်ဂိတ်တွင် လက်နက်ခဲယမ်းများမိ

ဇော်ကြီး။
မေလ ၄ ရက်၊ ၂၀၀၉ ခုနှစ်။
 

ထိုင်းမြန်မာနယ်စပ်ဂိတ် တခုဖြစ်သော တာချီလိတ်မြို့အ၀င်ဂိတ်တွင် ထိုင်းနိုင်ငံဖက်မှ တင်ဆောင်လာသည့် လက်နကခဲယမ်းများ ဖမ်းမိခဲ့သည်။

ထိုင်းနှင့်မြန်မာ ဆက်သွယ်ထားသည့် တာချီလိတ်တံတား အကောက်အခွန်ဂိတ်တွင်ယနေ့ နေ့လည် ၂ နာရီ ကျော်အချိန်က ထိုင်းနိုင်ငံဖက်မှ ကျောင်းအကြိုအပို့လုပ်သည့် ကားဖြင့်တင်ဆောင်လာသည့် လက်နက်ခဲယမ်း များ ဖမ်းမိခဲ့သည်ဟု အကောက်ခွန်ဂိတ် နှင့် နီးစပ်သူတဦးက ယခုလိုပြောသည်။

တာချီလိတ်တံတားအ၀င်မှာ ယိုးဒယားပေါင်မုန့်ကား အဖြူနဲ့ကျောင်းပို့ကြိုကားပေါ့နော်။ အဲဒီကားနဲ့ မောင်းဝင်လာတယ်။ မောင်းဝင်လာပြီးမှ အဲဒီကားကို ကာစတန်ကနေပြီး မသင်္ကာ လို့ဆိုပြီး၊ တားပြီး တော့ နောက်ကိုကြည့်လိုက်တာ။ အမှန်မှာက ကားကကျော်သွားပြီးပြီ။ကာစတန်ဂိတ်ကို နည်းနည်း လေးကျော်သွားပြီးပြီ။ ဒါပေမဲ့ သူက(ဂိတ်တာဝန်ကျ) မတ်တတ်ရပ်ပြီး ကြည့်တဲ့ခါကျတော့ ကားနောက်ထဲမှာ အ၀တ်တွေနဲ့ဖုန်းထားတဲ့ သေတ္တာအရှည်ကို တွေ့တဲ့ခါကျတော့ အဲ့မှာ တားပြီး စစ်လိုက်တော့ အဲဒီထဲမှာတွေ့တာပဲ။

သေတ္တာထဲ၌ AK-47 မောင်းပြန်ရိုင်ဖယ်တစ်လက်နှင့် ၎င်းကျည်ဘောက် ၆၁ ဘောက်၊ ပွိုင့် 38 တစ်လက်နှင့် ၎င်းကျည် ၃၀၀ တောင့်၊ ဆွစ်ဇာလန်နိုင်ငံထုတ် ပွိုင့် 22 အတို တစ်လက်နှင့် ၎င်းကျည် ၅၀ တောင့်၊ ကျည်ကာအင်္ကျီ တစ်ထည်နှင့် စနိုက်ပါမှန်ပြောင်း တစ်လက်တို့ ကိုတာဝန်ရှိသူများက သိမ်းဆီးရမိခဲ့သည်။  

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့၊ အာယမ်း အမှတ် ၃ ရပ်ကွက် တွင်နေထိုင်သူ အသက် ၃၅ နှစအရွယ် ထိုင်းအမျိုးသား က သယ်ဆောင်လာခြင်းဖြစ်ပြီး ယခုအခါ ၎င်းကို တာချီလိတ်ရဲစခန်း တွင်ချုပ်နှောင်ထားသည်ဟု သိရသည်။ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိချိန်တွင် ကျောင်းကားပေါ် ကျောင်းဆရာမ ၁ ယောက်နှင့် ကျောင်းသား ၁၁ ယောက်တို့လိုက်ပါလာခဲ့သော်လည်း အဓိက ကားဒရိုင်ဘာကိုသာ ဖမ်းဆီးခဲ့သည်။

လွန်ခဲ့သည့်ဇန္န၀ါရီလ ကုန်ပိုင်းက တာချီလိတ်မှ ကျိုင်းတုန်အထွက် မယ့်ယန်းဂိတ်တွင် အလားတူ လက်နက်များ ဖမ်းမိခဲ့ပြီး မိုင်းကိုး၊ မိုင်းဖြတ် အခြေပြုလှူပ်ရှားနေသော မူးယစ်ဂိုဏ်းတစ်ခုမှ မူးယစ်ဆေးများနှင့် လှဲလှယ်ရန် ဖြစ်နိုင်သည်ဟု နှစ်နိုင်ငံ တာဝန်ရှိသူများက သံသယရှိကြသည်။

လက်နက်ခဲယမ်းဖမ်းမိသည့်ကိစ္စကြောင့် နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်မှုမရှိသော်လည်း စစ်ဆေးမှုများ ပိုလာသည်ဟု ၎င်းကပြောသည်။
 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။