မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ ထိုင်းမြန်မာနယ်စပ် ကုန်သွယ်မှုကျဆင်း

သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။
မေလ ၄ ရက်၊ ၂၀၁၀ ခုနှစ်။

ထိုင်းမြန်မာနယ်စပ် တလျှောက်ရှိ မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ ဒေသတလျှောက်တွင် ယခုတစ်ပတ်အတွင်း ကုန်သွယ်ရေးကျဆင်းလာခဲ့သည်။

စစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့၏ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေအရ ဒေသတွင်း လုံခြုံရေးစိုးရိမ် သည့်အတွက် နယ်စပ်ကုန်သွယ်ရေး ကျဆင်းလာကြောင်း မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်းမှ နိုင်ကဆော့ မွန်က ယခုလိုပြောသည်။

အခုကတော့ ဘုရားသုံးဆူလမ်းက ကုန်သွယ်ရေးကတော့ နည်းနည်းတော့ ကျသွားတာ ပေါ့နော်။ ကားအသွားအလာတွေ နည်းနည်းကျသွားတယ်။ နောက်ပြီးတော့ ကားသမား တွေ ကုန်သည်တွေက အရင်လို သွားလိုက်ပြန်လိုက်တော့ မလုပ်ဖူး။ သူတို့သွားလာတာက အုပ်စုလိုက်အဖွဲ့ဖွဲ့ပြီးတော့ သူ တို့သွားလာကြတာပေါ့။ ကားဆယ်စီးဆိုရင် ဆယ်စီးစုပြီးတော့ သွားတဲ့ရက်ကို တရက်ထဲ ချိန်းပြီးတော့ သူတို့ အတူတူ သွားကြတာပေါ့။

ထိုင်းနိုင်ငံ စံခဘူရီမြို့နှင့် မြန်မာဖက်ခြမ်း ရေးမြို့သို့ကုန်ကူးသန်းရောင်းဝယ်သည့်လမ်းကြောင်းပေါ်ရှိ ဟလော့ခနီ ဒုက္ခသည်စခန်းမှ အမျိုးသမီးတစ်ဦးက ယခုတစ်ပတ် အတွင်း ကုန်ကားအသွားအလာ ယခင်ကထက်နည်းပါး သွားသည်ဟု ယခုလိုပြောသည်။

အရင်ကဆို ကားသွားလာတာကလည်းများတယ်လေ။ အခုတလောကတော့ ကားသွား လာတာက လည်း နည်းလာတယ်။ လူတွေက ခပ်လန့်လန့်ဖြစ်နေတယ်။

အလားတူ ထိုင်းမြန်မာနယ်စပ်ရှိ ရနောင်းနှင့်ကော့သောင်းလမ်းကြောင်းတွင်လည်း ယခုအပတ်အတွင်း ရောင်း အားကျဆင်းလာသည်ဟု ကော့သောင်းမှ ကုန်သည်တစ်ဦးက ယခုလိုပြောသည်။

အရောင်းအ၀ယ်က တော်တော်ကို ထိုင်းသွားတယ်။ ဘာကြောင့်လည်းဆိုတော့ ကျမတို့လည်း မသိ ဘူးလေ။ ခုတစ်လော တော်တော်ကိုကျတယ်။

ဧပြီလကုန်ပိုင်းက ရေး-ထားဝယ်ကားလမ်းပေါ်ရှိ အလယ်စခန်းကျေးရွာတွင် ပြည်သူ့စစ်တပ်ဖွဲ့နှင့် ကျေးရွာ ရယက နေအိမ်အား မွန်ခွဲထွက်အဖွဲ့တစ်ခုမှ ၀င်ရောက်ပစ်ခတ်ခဲ့သည်။

ထိုပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဒေသတွင်းရှိကျေးရွာအချို့တို့တွင် စစ်အစိုးရတပ်မှ ပေါ်တာဆွဲမှုများရှိသလို ဒေသခံများအား ကျေးရွာအပြင်ထွက်ခွင့်ကိုလည်း ပိတ်ပင်ထား သည်ဟု ကြားသိကြောင်း နိုင်ကဆော့မွန်က ယခုလိုပြောသည်။

ရေးမြို့နယ်ဖက် ရေဖြူမြို့နယ်ဖက်မှာ ပေါ်တာဆွဲမှုတွေ နည်းနည်းရှိတယ်။ မွန်ခွဲထွက် တွေနဲ့ တိုက်ပွဲ တွေဖြစ်နေတယ်လို့ကြားတယ်။ ရေဖြူမြို့နယ် ရတနာပိုက်လိုင်းနဲ့ အနီးတ၀ိုက်ဒေသတွေမှာဖြစ်တာ။ အဲတာတွေကြောင့် ပေါ်တာဆွဲတာဖြစ်နိုင်တယ်လေ။ နောက်တစ်ခုက အဲဒီဖက်တ၀ိုက်ကလူတွေကို သွားလာခွင့်နဲ့ ရွာပြင်ထွက်ခွင့်တွေ ဘာတွေကို အကုန်ပိတ်တာကိုး။

ဌာနေပြည်သူ့စစ်ဖွဲ့ရေးနှင့်ပတ်သက်၍ မွန်ပြည်သစ်ပါတီမှ လက်မခံငြင်းဆိုခဲ့ပြီးနောက်ပိုင်း စစ်အစိုးရဖက်က တစ်စုံတစ်ရာဖိအားပေးမှု မရှိသေးသော်လည်း ဒေသခံများက စိုးရိမ်နေကြသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။