ကျောင်းသားများ အပါအ၀င် မြန်မာအလုပ်သမား ရာကျော် ဖမ်းဆီးခံရ

ခွန်အောင်မြတ်။
ဇွန်လ ၄ ရက်၊ ၂၀၀၉ ခုနှစ်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ တောင်ဖက် ၄၄ ကီလိုမီတာရှိ မြန်မာအလုပ်သမားများကို ထိုင်းနယ်ခြားစောင့် စစ်တပ်က ယနေ့ နံနက်တွင် ၀င်ရောက်ဖမ်းဆီးရာ ကလေး ၁၂၀ ကျော် အပါအ၀င် အလုပ်သမား ၃၀၀ ခန့် အဖမ်းခံခဲ့ရသည်။

ဖုဖရမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားများ နေထိုင်ရာ အုပ်စု များကို ထိုင်းနယ်ခြားစောင့်တပ်က ယနေ့နံနက် ၄ နာရီခန့်တွင် ရှောင်တခင် ၀င်ရောက်ဖမ်းဆီးသည်ဟု ထွက်ပြေးလွတ်မြောက်သူ အလုပ်သမား ဦးဆန်းလင်းကြည်က ပြောသည်။

“ညက သုံးနာရီလောက် ကျနော်တို့ကို လာဝင်ဖမ်းတော့ ပြေးကြလွှားကြတယ်။ နောက်ပိုင်းမှာ သား သမီးတွေ မိသားစုတွေ ကျန်နေခဲ့တယ်။ အိမ်တွေကို မီးနဲ့ရှို့သွားတယ်။ ကျနော်သမီးတွေ လည်း ကျောင်းသားတွေပဲ။ အဲဒါမီးနဲ့ရှို့သွားတာ ကျနော်တို့ ပြန်လာတော့ ပစ္စည်းတွေက အကုန်လုံးပေါ့ တ၀န်းလုံး ဘာမှမရှိတော့ဘူး။ နေစရာလည်း နေရာ မရှိတော့ဘူး။ ဆန်အိတ်တွေ ဘာတွေပါ အကုန် လုံး အိုးတွေ၊ ခွက်တွေပါ ထုပိန် အကုန်လုံး မီးထဲအကုန်ရှို့ သွားတာ။ ထိုင်းစစ်သား ဒီမနက်မှာ နှစ် ခေါက် ပထမတခေါက် ဖမ်းတော့ ကျနော်တို့ ပြေးတယ်။ အိမ်တွေမီးရှို့တော့ ကျနော်တို့ ပစ္စည်း ပစ္စ ယပေါ့နော် ကျန်တဲ့ဟာလေးတွေ လာသိမ်းတော့ တခါ နောက်တခေါက်လာပြန်ဖမ်းတော့ ကျနော် တို့ပြေးရတယ်။”

အဖမ်းခံရသူ အများစုမှာ အမျိုးသမီးနှင့် ကျောင်းသားများဖြစ်သည်ဟု ၎င်းက ပြောသည်။

ဒို့မိတ်ဆွေကျောင်းမှ ကျောင်းကော်မတီ ဥက္ကဌ ဦးပေစိလည်း အဖမ်းခံသည်ဟု အိမ်ခန်းထဲတွင် ပုန်းနေသဖြင့် အဖမ်းမခံရပဲ ကျန်နေခဲ့သည့် ၎င်း၏ သမီးက ငိုယို၍ ယခုလို ပြောသည်။

“အများကြီးပဲ ပါသွားကြတယ်။ လေးနာရီဆိုတော့ သူများဝန်းထဲမှာလည်း မိတယ်။ သမီးတို့ အဖေတို့ အမေတို့တော့ အကုန်လုံးပဲ ပါသွားကြတယ်။ အခုပြောတော့ ဖုဖရ အချုပ်ထဲရောက်သွားပြီလို့ ပြော တယ်။ သမီးက အိမ်ခန်းထဲမှာ ပုန်းနေလို့ သမီးကျန်နေခဲ့တယ်။ သမီးညီမတွေလည်းပါသွားတယ်။ ခ လေးတွေလည်း အကုန်လုံးပါသွားတယ်။ သူတို့လာဖမ်းတယ်လေ။ တောချဒေါတွေ ထိုင်းစစ်သားတွေ။ သူများဝန်းထဲကဆိုရင်လေ မီးတွေဘာတွေရှို့တယ်။ တော်တော်ပါသွားတယ်။ သမီးတို့ဝန်းထဲကဆိုရင် မိန်းကလေးတွေ အကုန်လုံးပဲ ပါသွားတယ်။”

ထိုင်းစစ်တပ်က လာရောက်ဖမ်းဆီးချိန်တွင် အမျိုးသားအများစုက တောတွင်းထဲသို့ထွက်ပြေး တိမ်းရှောင်နေကြ သည်ဟု လွတ်မြောက်သူ အလုပ်သမားများက ပြောသည်။

အလုပ်သမားကလေးများကို ဖမ်းဆီးလိုက်သည့်အတွက် ကျောင်းပိတ်ထားရသည့် ဒို့မိတ်ဆွေ ကျောင်းမှ ဆရာ ထိုက်သူအောင်က ယခုလို ပြောသည်။

ကျနော်တို့က ၄၂ ရွာက စာသင်ကျောင်းပေါ့နော်။ အဲဒီ ၄၄ ရွာက ကလေး ၁၂၀ ကျနော်တို့ ကျောင်း ကို လာတက်တယ်။ ညတုန်းက ၃ နာရီခွဲ လေးနာရီ ပတ်ဝန်းကျင်မှာ ထိုင်းစစ်တပ်က ၀င်ဖမ်း တာ။ ကလေးလူကြီးကော အကုန်လုံးပေါ့။ ကျောင်းသားတွေ ကျောင်းရောက်မလာတဲ့ အခါကျတော့ မနက်ခြောက်နာရီခွဲ (၇)နာရီမှာ ကျနော်တို့ ကျောင်းကားကြိုတယ်။ ကြိုတဲ့အခါ အဲဒီမှာ ရွာက၀န်း တွေမှာ လူတွေမရှိပဲနဲ့ အကုန်အဖမ်းခံရတဲ့ ပုံစံတွေ တွေ့ရတယ်။ လူကြီး တွေကို ဖမ်းတာတော့ဗျာ ကျနော်တို့ အနေနဲ့ အပြစ်မပြောဘူး။ ကလေးတွေကို ဖမ်းသွားတဲ့ ဟာကတော့ တော်တော်ဆိုး တယ်လို့ မြင်တယ်။ ကျနော်တို့အနေနဲ့ကတော့ ဖမ်းတယ်လို့ မြင်တယ်။ ခုနက ထိုင်းစစ်တပ်က နေ ပြီး ကျနော်တို့ကို လှမ်းပြောတယ်။ သူတို့က ကလေးတွေ ကို ထားခဲ့လို့ မရဘူးတဲ့ အဖေရော အမေ ရော ဖမ်းသွားတော့ ကလေးတွေကိုပါ ခေါ်သွားတာတဲ့။ ဒါပေမယ့် ကျနော်တို့ဘက် မြင်တာကတော့ ကလေးတွေကို ဖမ်းသွားတယ်လို့ပဲ မြင်တာပဲ။”

ဖုဖရရှိ ထိုင်းနယ်ခြားစောင့်တပ်ကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် နယ်စပ်လုံခြုံရေးအရ ဖမ်းဆီးသည်ဟု ပြောဆိုပြီး အသေးစိတ်ပြောဆိုရန် ငြင်းဆိုခဲ့သည်။

ဖုဖရမြို့နယ်အတွင်းတွင် တရားမ၀င် မြန်မာအလုပ်သမား သောင်းချီရှိပြီး အများစုမှာ ပန်းစိုက်ပျိုးခြင်း၊ တောင် ယာလုပ်ငန်းခွင်နှင့် အခြား စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်ကိုင်ကြ သည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။