|
ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး ဇနီးမောင်နှံ ကရင်နီဒုက္ခသည်စခန်းကို လာရောက်လည်ပတ်
နွယ်လေး။
ဖေဖေါ်ဝါရီ ၅ ရက်၊ ၂၀၀၉ ခုနှစ်။
ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ကရင်နီဒုက္ခသည်စခန်းကို ကမ္ဘာကျော်
ရုပ်ရှင်မင်းသမီး ဇနီးမောင်နှံ လာရောက်လည် ပတ်ပြီး ဒုက္ခသည်ကလေးငယ်များကို
အားပေးစကားပြောခဲ့သည်။
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ရှိ ကရင်နီဒုက္ခသည် စခန်း အမှတ် (၁)ရှိ
ကလေးငယ်များ ကို ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး Angelina Jolieတို့
ဇနီးမောင်နှံသည် ယမန်နေ့ နေ့လည် တစ်နာရီအချိန်တွင် လာရောက် ကြည့်ရှု အားပေးစကား
ပြောသွားသည်ဟု ကန္တာရ၀တီ တိုင်း(မ်) အယ်ဒီတာ ခူးဖဲဒူ က ပြောသည်။
စခန်းတွင်းရှိ မသန်မစွမ်း ကလေးငယ်များနှင့် မိဘမဲ့ ကလေးငယ်များသည် ကမ္ဘာကျော်
ရုပ်ရှင်မင်းသမီးအား တွေ့ခွင့် ရခဲ့ခြင်းနှင့် ပတ်သက်ပြီး ၎င်းက
"မသန်စွမ်းကလေးတွေက သူတို့နဲ့ ကိုယ်တိုင်တွေ့ရ စကား ပြောရတော့ သူတို့က
စိတ်အားငယ်နေမယ့်အစား နာမည်ကြီး ရုပ်ရှင် မင်းသား မင်းသမီး စုံတွဲနဲ့တွေ့ရတော့
ကျနော်တို့ဒီလူနဲ့ တွေ့ရတယ် ဆိုပြီး ကိုယ့်ကိုကိုယ် ဂုဏ်ယူတဲ့အနေနဲ့ စိတ်ဓါတ်
ပိုင်းဆိုင်ရာမှာ တော်တော်လေး မြှင့်တင်ပေးတယ် လို့ပြောလို့ရတာပေါ့ " ဟု
ဆက်ပြောသည်။
Angelina
Jolie တို့ ဇနီးမောင်နှံသည် စခန်းတွင်းရှိ ကလေးများနှင့် စကားပြောခဲ့ပြီး
လိုအပ်သည့် ပစ္စည်းများ ကူညီမည်ဟု ပြောဆိုပြီး ကလေးများကစားရန် ဘောလုံးများပေးကာ
ည(၆) နာရီကျော်အချိန်တွင် ပြန်လည် ထွက်ခွာသွားသည်။
ကမ္ဘာကျော် မင်းသမီး စခန်းတွင်း လာမည်ကို ကြိုတင် သိမထားကြသဖြင့် စခန်းတွင်းမှ
မသိကြသူ များသည်ဟု ခူးဖဲဒူက ပြောသည်။
Angelina
Jolie သည် ကမ္ဘာကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတွင်
သံတမန်တစ်ဦးဖြစ်ပြီး ပြီးခဲ့ သည့် ၂၀၀၄ ခုနှစ်တွင်လည်း ယခုစခန်းသို့ တစ်ကြိမ်
လာရောက် လည်ပတ်ခဲ့ဖူးသည်။
|