|
ရွေ့ပြောင်းအလုပ်သမားများ တရားဝင်အလုပ်လုပ်ခွင့်ရရေး
အဲန်ဂျီအိုများဆွေးနွေး
ထိုင်းအစိုးရ မူဝါဒများအား ဆန်းစစ်မည်
ဇော်ကြီး။
ဖေဖော်ဝါရီလ ၅ ရက်၊ ၂၀၀၉ ခုနှစ်။
လက်ရှိထိုင်းအစိုးရ၏
နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများအပေါ် ထားရှိသည့် မူဝါဒများ နှင့်ပတ်သက်၍
ရွှေ့ပြောင်းအလုပ်သမားများအား ကူညီပေးနေသည့် အဖွဲ့အစည်းပေါင်းစုံမှ ကိုယ်စားလှယ်
၃၀ ကျော်တက် ရောက်ပြီး အလုပ်သမားများ တရားဝင်အလုပ်လုပ်ပိုင်ခွင့် အခွင့်အရေး၊
ကျန်းမာရေးနှင့် ပညာရေး Issue များ ကို အဓိကထား၍ ၃ ရက်ကြာ ဆွေးနွေး မည်ဖြစ်သည်။
လက်ရှိ
ထိုင်းစီးပွားရေးအတွက် ရွှေ့ပြောင်းအလုပ်သမားများတည်ရှိမှုနှင့် ပတ်သက်၍ အစည်းဝေး
တက်ရောက် နေသူ အခြေခံလူထု လူ့အခွင့်ရေး ပညာပေးဌာန (GHRE)၏ တွဲဖက်အတွင်းရေးမှူး
မပိုးပိုးက ယခုလို ပြောသည်။
“ဗမာအလုပ်သမားတွေ
မရှိပဲနဲ့ ထိုင်းနိုင်ငံရဲ့စီးပွားရေးရပ်တည်ဖို့ဆိုတာ သိပ်မလွယ်လှ သလိုမျိုး
ဗမာ အလုပ်သမားတွေ၊ တရားမ၀င်နေတဲ့သူတွေကို ရပ်တန့်ဖို့ဆိုတာကလည်း အင်မတန်
ခဲယဉ်းတဲ့ ကိစ္စဖြစ် တာပေါ့နော်၊ တစ်အချက်က နယ်စပ်ချင်းထိစပ်နေတာနဲ့
ဒီဗမာပြည်တွင်းက စီးပွားရေးနဲ့ လူမှုရေး အခက်အခဲ နိုင်ငံရေးအခြေအနေအရ လူတွေက
များသောအားဖြင့် အနီးစပ်ဆုံး ထိုင်းနိုင်ငံကို ထွက် လာတဲ့အခါမှာ ဒါကိုတော့
ထိန်းချုပ်ဖို့ ခက်မယ်။”
ထိုင်းအစိုးရအနေနှင့်
တရားမ၀င်ရွှေ့ ပြောင်းအလုပ်သမားများကို စီမံချက်ချ ဖမ်းဆီးနေသည့် အပေါ်တွင်
“စီးပွားရေးကျတဲ့အချိန်မှာ အထူးသဖြင့်တော့ ဒီထိုင်းအလုပ်သမားတွေ
အလုပ်အကိုင်ရှာ ဖွေရ ခက်ခဲ မှာစိုးလို့ သူတို့ဒီလို ပေါ်လစီမျိုးချတယ်လို့တော့
ကျမထင်ပါတယ်။” ဟု မပိုးပိုးက ဆက်ပြောသည်။
ကမ္ဘာတ၀ှမ်း
စီးပွားရေး အကြပ်အတည်းဖြစ်ပေါ်ပြီးနောက်ပိုင်း ထိုင်းနိုင်ငံမှ အလုပ်သမားများ
အလုပ်လက်မဲ့ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများ ပေါ်ပေါက်ပြီးနောက် တရားမ၀င်
အလုပ်သမား ဖမ်းဆီးမှုများ တိုးမြင့် လာ ခဲ့သည်။
ယခုပြုလုပ်သည့်
အစည်းအဝေးတွင် ရွှေ့ပြောင်းအလုပ်သမားများကို ကူညီရာတွင် ပြီးခဲ့သည့်
လုပ်ငန်းများကို ပြန်လည်သုံးသပ်ရာ လုပ်ငန်းအတော်များများ၌ အောင်မြင်မှု
ရခဲ့သော်လည်း အားနည်းချက်အနေနှင့် ဒေသ ဆိုင်ရာတာဝန်ယူကြသည့် အဖွဲ့များသည်
၎င်းတို့၏ဆောင်ရွက်မှု များကို ထိရောက်သည့် သတင်းထုတ်ပြန်မှု
မပြုလုပ်နိုင်ခြင်းဖြစ်သည်ဟု ထောက်ပြသည်။
ထိုင်းနိုင်ငံတွင်
တရားဝင်နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမား ငါးသိန်းသုံးသောင်းကျော် ရှိသည်ဟု
ထိုင်း အစိုးရက ထုတ်ပြန်ထားပြီး အလုပ်သမား ကူညီရေး အဖွဲ့များက တရားမ၀င်
အလုပ်သမားများ သန်းနှင့်ချီ ရှိနိုင်သည်ဟု ခန့်မှန်းထားကြသည်။
|