မြန်မာအမျိုးသမီးသုံးဦး ချက်နိုင်ငံမှချီးမြှင့်သည့် ဟိုမိုဟာမီနီ ဆုရရှိ

သတင်းနှင့်မီဒီယာကွန်ယက်။
မတ်လ ၅ ရက်၊ ၂၀၀၈ ခုနှစ်။

မြန်မာ့နိုင်ငံရေးပြောင်းလဲရန်အတွက် လှုပ်ရှားဆောင်ရွက်နေကြတဲ့ မြန်မာအမျိုးသမီးသုံးဦးကို ချက်နိုင်ငံ People in Need အဖွဲ့က ၂၀၀၇ ခုနှစ်အတွက် ဟိုမိုဟာမီနီ Homo Homini award ဆုကို ချီးမြှင့်လိုက်သည်။

ဆုချီးမြှင့် ခံရသည့် မြန်မာအမျိုးသမီးသုံးဦးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ဝင်ဖြစ်သည့် မစုစုနွေး၊ မဖြူဖြူသင်း နှင့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ မနီလာသိန်းတို့ဖြစ်သည်။

မြန်မာ့ဒီမိုကရေစီအရေးနှင့်လူအခွင့်အရေးကိစ္စများကို လှုပ်ရှားဆောင်ရွက်နေကြသည့် အမျိုးသမီး ၃ ဦးကို ဆုချီး မြှင့်လိုက်ခြင်းနှင့် ပတ်သက်၍ မြန်မာ့အမျိုးသမီးသမဂ္ဂ မှ မိဆူးပွင့် က ယခုလိုပြောသည်။

ဗမာပြည်က အမျိုးသမီးတွေအနေနဲ့ကလည်း ဒီသတင်းမျိုးတွေကြားရရင် အားရကြမယ် ၀မ်းသာ ကြမယ်၊ ဘာပဲပြောပြော သူတို့ကြည့်ပဲ သူ့နိုင်ငံထဲမှာက ဖိနှိပ်ခံနေရတာမျိုးမဟုတ်ဘဲနဲ့ ကမ္ဘာက လည်း သူတို့ကို စောင့်ကြည့်နေတယ် အားပေးနေတယ် သူတို့ လှုပ်ရှားမှုတွေကို ထောက်ခံနေတယ် ဆိုတဲ့ဟာမျိုးပေါ့နော် ဒီလိုမျိုး အသိအမှတ်ပြုတဲ့  Message မျိုးပေးတဲ့ သဘောဖြစ်တဲ့အတွက် ဒါဗမာ ပြည် အမျိုးသမီးထုတရပ်လုံးအတွက် အားတက်စရာဖြစ်တယ်လို့ ကျမတို့ ယူဆတယ်။

ယင်းဆုကို ချက်နိုင်ငံ Prague မြို့တွင် နှစ်စဉ်ကျင်းပနေသည့် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ဖွင့်ပွဲတွင် ယနေ့ ချီးမြှင့်မည်ဖြစ်ပြီး ဆုရရှိသူကိုယ်စား နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (မြန်မာနိုင်ငံ) မှ မလဲ့လဲ့နွယ်က သွားရောက်လက်ခံရယူမည် ဖြစ်သည်။

ဆုအပ်နှင်းခံရသူ သုံးဦးသည် စိုးရိမ်ဖွယ်အခြေအနေများနှင့် ရင်ဆိုင်နေရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ အထွေထွေ အတွင်းရေးမှုး ကိုတိတ်နိုင်က ပြောသည်။

ဒီမနီလာသိန်းနဲ့ မဖြူဖြူသင်းကတော့ အခုထိသူတို့ ပုန်းရှောင်နေဆဲပဲရှိတယ်။ ပုန်းရှောင်နေတယ် ဆို တာကလည်း နအဖက တကယ့်ကို အပူတပြင်း ပိုက်စိတ်တိုက်ပြီး လိုက်ရှာနေတဲ့ အခါကျတော့ သူတို့ တွေအနေနဲ့ တချိန်ချိန်မှာ မိသွားမှာကို ကျနော်တို့အနေနဲ့တော့ အထူးစိုးရိမ်ပါတယ်၊ နအဖကလည်း ဒီနေ့ ဒီအချိန်မှာအပူတပြင်း လိုက်ရှာနေပါတယ်။ မစုစုနွေးကတော့ အခုအင်းစိန်ထောင်မှာ ရှိနေပါ တယ်။

ဟိုမိုဟာမီနီ ဆုကို ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်သူ များ နှင့် နိုင်ငံရေးပဋိပက္ခများတွင် အကြမ်းမဖက်သည့်နည်းဖြင့် တစိုက်မတ်မတ် ရင်ဆိုင်ဖြေရှင်းနေသူများကို နှစ်စဉ် ချီးမြှင့်သည့် ဆု ဖြစ်သည်။

ချက်နိုင်ငံ People in Need အဖွဲ့ကချီးမြှင့်သည့် ဟိုမိုဟာမီနီ ဆုကို ၂၀၀၁ ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်း သားသမဂ္ဂများအဖွဲ့ချုပ်မှ ကိုမင်းကိုနိုင်အား ပေးအပ်ခဲ့ဖူးသည်။

ဆုရရှိသူများထဲမှ မစုစုနွေးသည် အဓမ္မလုပ်အားပေးခံရသည့် ပြည်သူလူထုအတွက် မြန်မာစစ်အစိုးရအား တရား စွဲခဲ့ရာ မြန်မာစစ်အစိုးရမှ တန်ပြန်တရားစွဲဆိုခံခဲ့ရပြီး ထောင်ဒဏ် ၁၈ လ ကျခံခဲ့ရသည်။ ၂၀၀၇ ခုနှစ် သြဂုတ် လနှင့် စက်တင်ဘာလက လောင်စာဆီနှင့် ကုန်ဈေးနှုန်းမြင့်မားမှုများကြောင့် ဆန့်ကျင်ဆန္ဒပြခဲ့မှုတွင် ပါဝင်ခဲ့ သဖြင့် အင်းစိန်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံနေရသည်။

မဖြူဖြူသင်းသည် မြန်မာနိုင်ငံရှိ ခုခံမှုစွမ်းအားကျဆင်းမှုရောဂါ ခံစားနေရသည့် ဝေဒနာသည်များအား အနီးကပ် ကူညီစောင့်ရှောက်နေသည့် အမျိုးသမီးတစ်ဦးဖြစ်ပြီး ယခုအခါ စစ်အုပ်စု၏ လိုက်လံဖမ်းဆီးနေသောကြောင့် ယနေ့အထိ တိမ်းရှောင်နေသူ ဖြစ်သည်။

မနီလာသိန်း သည် ၁၉၉၆ ခုနှစ် ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့၍ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံခဲ့ရသူ ဖြစ်သည်။ ၂၀၀၅ ခုနှစ်တွင်ပြန်လည်လွတ်မြောက်ပြီးနောက်ပိုင်း စက်တင်ဘာလှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင် လှုပ်ရှားခဲ့ကာ စစ်အစိုးရ၏ လိုက်လံဖမ်းဆီးမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။