မလေးရှားဧဂျင့်၏ ရောင်းစားခံရ၍ မြန်မာအမျိုးသမီးများ ဒုက္ခဖြစ်နေ

သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။
မတ်လ ၅ ရက်၊ ၂၀၁၀ ခုနှစ်။

မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ သွားရောက်၍ အလုပ်သမားခေါ်ယူပေးသည့် ဧဂျင့်များ၏ ရောင်းစားမှုကြောင့် မြန်မာအမျိုးသမီးများ အခက်အခဲရင် ရင်ဆိုင်နေကြရသည်။

မလေးရှားနိုင်ငံသား မစ္စတာအဲရစ်သည် မြန်မာနိုင်ငံသို့ကိုယ်တိုင်သွားရောက်၍ အလုပ်သမား များအား အာမခံ ၍ခေါ်ယူခဲ့ပြီး မလေးရှားတွင် အခြားဧဂျင့်ထံ ပြန်ရောင်းစားခဲ့သည်ဟု အရောင်းစားခံရသူတဦးထဲမှ မသက်မွန်က ယခုလိုပြောသည်။

ကျမက ၂၀၀၇ ခုနှစ်က အဲရစ်တို့ ဗမာပြည်မှာ အင်တာဗျူးခေါ်ပြီးတော့ ပါလာတာပါ။ မလေးရှား ရောက်တော့ ကူချိုင်းနားဖက်မှာရှိတဲ့ ဧဂျင့်တစ်ခုကိုရောင်းစားလိုက်တာပါ။ ကျမအခု လောလော ဆယ်မှာ အဲရစ်ရဲ့ရောင်းစားလိုက်တဲ့အတွက် နောက်ထပ်ဧဂျင့်တစ်ခုမှာ အလုပ်လုပ်နေတယ်။

မြန်မာပြည်သို့လာရောက်ခေါ်ယူစဉ်က အလုပ်ပြောင်းရွှေ့လိုလျှင်သို့မဟုတ် ဧဂျင့် ပြောင်းရွှေ့ လျှင် ပြောင်းရွှေ့ခ ပေးဆောင်ရမည့် သဘောတူညီချက်အတိုင်း မလုပ်ဘဲ ဖောက်ဖျက်ခဲ့ သည်ဟု ၎င်းကဆက်ပြောသည်။

ဗမာပြည်မှာချုပ်ခဲ့တဲ့ စာချုပ်က ပထမတစ်ခါ အလုပ်ပြောင်းရင် သူတို့ဖက်က ပြောင်းပေး မယ်ပေါ့ နော်။ ဒါပေမယ့် ဒုတိယတစ်ခါကနေစပြီးတော့ အလုပ်တစ်ခါပြောင်းရွှေ့ခ ဆိုပြီး ဖြတ်မယ်လို့ သူက ပြောထားတယ်။ ဒါပေမယ့် ကျမကို ပထမတစ်ခါကတည်းက သူက ဖြတ်ထားလိုက်ပြီ။ အလုပ်ပြောင်း ရွှေ့ခဆိုပြီး(မလေးရှားရင်ဂစ်)နှစ်ရာဖြတ်တဲ့အပြင် ကျမရဲ့ လစာ တစ်လစာ လည်းမပေးပါဘူး။

ထို့အပြင်နေထိုင်ခနှင့် စားသောက်ခ စားရိတ်ငြိမ်းဟု သဘောတူထားသော်လည်း ဧဂျင့်မှ ရှာပေးသည့်အလုပ် ရှင်များက တရက်လျှင် ထမင်းတစ်နပ်သာကြွေးပြီး သတ်မှတ်အလုပ်ချိန် ထက်ကျော်လွန်၍ ခိုင်းစေခဲ့သည့် အတွက် ပင်ပန်းလွန်းသဖြင့် လွန်ခဲ့သည်လက အလုပ်မှ ထွက်ခဲ့သည်ဟု မစ္စတာအဲရစ်ခေါ်ဆောင်ခဲ့သူ မဖြူဖြူက ယခုလိုပြောသည်။

အလုပ်ချိန်က ၁၅ နာရီ၊ မနက်ခုနှစ်နာရီခွဲကနေ ညဆယ်နာရီခွဲ ဆယ့်တစ်နာရီအထိ ဆင်းရတယ်။ လုံးဝမနားရဘူး။ သီးမခံနိုင်တော့လို့ သမီးထွက်လာခဲ့ပြီ။ သမီးသူ့ကို ဖုန်းဆက်တဲ့အချိန်မှာ သူက သူဌေးနဲ့ညှိပေးမယ်ဆိုပြီး သမီးကိုသူက တဖက်လှည့်နဲ့ ပြောပြီးတော့ လုံးဝမလုပ်ပေးဘဲနဲ့ ခေါင်းရှောင် နေတယ်။ အဲတာနဲ့ သမီးလည်း ဆက်မလုပ်တော့ပဲ ထွက်လာတယ်။

ယခင်ကသဘောတူညီချက်အရ အလုပ်ချိန် တရက်လျှင် ၁၂ နာရီ သတ်မှတ်ထားသည့်အနက်တစ်နာရီ အနားယူ ခွင့်ရှိပြီး ယခု ၁၅ နာရီကြာအောင်နားချိန်မရှိ လုပ်ရသည်ဟု ၎င်းက ဆက်ပြောသည်။

ယခု မစ္စတာအဲရစ်ခေါ်လာသူများထဲမှ ပင်ပန်းသည့်ဒဏ်နှင့် အလုပ်ရှင်၏အနိုင်ကျင့်မှုများကို မခံနိုင်သဖြင့်  အ လုပ်မှထွက်လာသူ အမျိုးသမီးရှစ်ဦးရှိသည်။

၎င်းတို့အား အလုပ်သမားအခွင့်အရေးများရရှိနိုင်ရန်နှင့် အလုပ်ရှင်နှင့် အလုပ်သမားကြား ပြေလည်မှုရစေရန် ဆောင်ရွက်နေပြီး ပြေလည်မှုမရပါကဥပဒေအရ ရင်ဆိုင်ရန်ရှိသည်ဟု အမျိုးသားဒီမိုကရေဒီအဖွဲ့ချုပ် (မလေး ရှား)မှ ကိုအောင်ကျော်ဆက်က ယခုလိုပြောသည်။

ညှိနိုင်းမှုအနေနဲ့တော့ ပထမအဆင့်အနေနဲ့တော့ လုပ်ထားပြီးပြီ။ ဒုတိယအဆင့် အနေနဲ့  ကျနော် တို့ကို ရက်ချိန်းပေးတယ်။ ဒါပေမယ့် အဲဒီရက်ချိန်းမှာ ဂတိမတည်ဘူး။ ကျနော်တို့ ကတော့ အခု နောက်ဆက်တွဲ အလုပ်သမားရုံးကိုပြန်ခေါ်သွားမယ်လို့ အစီအစဉ် လုပ်ထား ပါတယ်။

မလေးရှားရှိအလုပ်ရှင်နှင့် ဧဂျင့်များက မလေးရှားနိုင်ငံ၏ တည်ဆဲဥပဒေအပေါ် လိုက်နာမှု မရှိသည့်အတွက် ယခု လိုပြဿနာများ မကြာခဏ ဖြစ်ပွားခြင်းဖြစ်သည်ဟု ကိုအောင်ကျော်ဆက်က သုံးသပ်ပြောဆိုသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။