|
အမြောက်နှင့်စစ်ကားများ
မြစ်ကြီးနားသို့ ပို့ဆောင်
သတင်းနှင့်မီဒီယာ ကွန်ယက်။
ဧပြီလ ၅ ရက်၊ ၂ဝ၁ဝ ခုနှစ်။
ကချင်ပြည်နယ် ဗန်းမော်မြို့မှ
အမြောက်များတင်ဆောင်ထားသည့်ကားများအပါအဝင် စစ်ကားအစီး (၁ဝဝ)ခန့်
မြစ်ကြီးနားသို့ ယနေ့ မနက်ပိုင်းက သယ်ဆောင်မောင်းနှင်သွားသည်။
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO)ထိန်းချုပ်ရာ လိုင်ဇာမြို့အနီးရှိ
လဂျားယန်ဂိတ်ကို ဖြတ်၍ ကားများ ထွက်ခွာ သွားသည်ဟု မျက်မြင် လိုင်ဇာဒေသခံတဦးက
ပြောသည်။
“အမြောက်တွေက ပြောင်းတွေ
ထိုးထိုးထောင်ထောင်နဲ့ကားပေါ်မှတင်ထားတယ်။ အစီး(၂ဝ) လောက် ရှိမယ်။
မိုးကာအုပ်ထားတဲ့ကားတွေလည်း အများကြီးဘဲ။ အားလုံး အစီး(၁ဝဝ)လောက်ရှိမယ်။”
ဟု ပြောသည်။
အဆိုပါ စစ်ကားများ ယမန်နေ့က
ကချင်ပြည်နယ်အတွင်းသို့ မန္တလေး-ဗန်းမော်လာအတိုင်း ဝင်ရောက်လာခဲ့ပြီး
လုံခြုံရေးစစ်သားများလိုက်ပါလာသည်ဟု ဗန်းမော်ဒေသခံတဦးက ပြောသည်။
“မနေ့က ဗန်းမော်-စင်ခန်းနားဘက်မှာ တွေ့ခဲ့တာ။
အစီး(၄ဝ)(၅ဝ)လောက်ရပ်ထားတယ်။ အားလုံးမိုး ကာတွေ အုပ်ထားတယ်။ စစ်သားတွေလည်း
ပါလာတယ်။ တရုတ်ကလာတဲ့ တုံဖုန်းတို့၊ ဖောတို့ကား တွေဘဲ။ ခြောက်ဘီးကားတွေ။”
ဟု ပြောသည်။
ယခုလို
စစ်ကားများရောက်ရှိလာခြင်းသည် ကေအိုင်အိုအဖွဲ့က နယ်ခြားစောင့်တပ် လက်မခံသေး
သဖြင့် ဖိအား ပေးသည့်အနေဖြင့် သယ်ဆောင်လာခြင်းဖြစ်နိုင်သလို
အပစ်ခတ်ရပ်စဲရေးပျက်ပြီး စစ်မက်ဖြစ်ပွား လာပါက တိုက် ခိုက်ရန်
လက်နက်စုဆောင်းခြင်းလည်းဖြစ်နိုင်သည်ဟု စစ်ရေး အကဲခတ်များက ခန့်မှန်းနေကြသည်။
ကေအိုင်အိုအဖွဲ့အား
နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ဧပြီ(၂၈)ရက် နောက်ဆုံးထားပြီး နအဖဘက်က ယမန်
နေ့က မြစ်ကြီးနားမြို့၌ တွေ့ဆုံစဉ်အတွင်း ရာဇသံပေးလိုက်ချိန်တွင် ယခုကဲ့သို့
နအဖဘက်က အမြောက်နှင့် စစ် ကားများ သယ်ဆောင်လာခြင်း ဖြစ်သည်။
နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးအတွက် ကေအိုင်အိုနှင့် နအဖအကြား ယမန်နှစ်၊
ဧပြီလမှစ၍ တွေ့ဆုံဆွေး နွေကြသည်မှာ (၁၃)ကြိမ်ရှိပြီး ကေအိုင်အို ဒုဥက္ကဌ
ဗိုလ်ချုပ်ဂေါ်ရီဇော်ဆိုင်း ဦးဆောင် သော ကေအိုင်အို ကိုယ် စားလှယ်အဖွဲ့နှင့်
စစ်ဖက်ရေးရာအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်တို့ တွေ့ဆုံခဲ့ကြပြီး
နယ်ခြားစောင့်တပ် အသွင် ပြောင်းရန် နောက်ဆုံးရက် သတ်မှတ်ပေးခဲ့သည်။
|