|
မန်းသဘင်သည်များ အလှူပွဲ စနိုင်ပြီ
သီတာထွန်း။
ဇွန်လ ၅ ရက်၊ ၂၀၀၈ ခုနှစ်။
ရက်ရွှေ့ဆိုင်းရန်ညွှန်ကြားခံခဲ့ရသည့် မန္တလေးလူရွှင်တော်များ၏
နာဂစ်(စ်)လေဘေးဒုက္ခသည်များအတွက် အလှူ ငွေ ကောက်ခံမှုကို ယမန်နေ့
ဇွန်လ(၄)ရက်နေ့တွင် စတင်နိုင်ပြီဖြစ်သည်။
မန္တလေးမြို့ရှိ လူရွှင်တော်များ၊ ဆိုင်းဆရာ၊ ဘိသိက်ဆရာနှင့်
အငြိမ့်မင်းသမီးများက မြို့တွင်းတွင် ကားများနှင့် လှည့်လည်ဖျော်ဖြေ
အလှူခံကြသည် ဟု လူရွှင်တော် ဦးလူမော်က ပြောသည်။
“သီချင်းတွေ၊ ဟာသတွေရောဗျာ။ အစုံပဲခင်ဗျာ၊ အစုံပဲ။
လူတွေကလည်းစိတ်ဝင်စားတယ်ခင်မျာ့။ ကားရှေ့မှာလည်း လူရွှင်တော်တွေက
တောင်ရှည်ပုဆိုးတွေနဲ့၊ လူရွှင်တော်ခေါင်းပေါင်းနဲ့၊ နောက် မင်းသမီးတွေကလည်း
ဖလားကိုင်၊ အဲလို တတန်းကြီးသွားတာခင်မျာ့။”
အလှူငွေကောက်ခံမှုကို ယခုလ (၄)ရက်နေ့မှ (၈) ရက်နေ့ထိ
ငါးရက်တိုင်တိုင်ကောက်ခံသွားမည်ဖြစ်ပြီး ယမန် နေ့ က ပထမဦးဆုံးရက်အဖြစ် ကောက်ခံ
ရရှိငွေမှာ သိန်းနှစ်ဆယ်ကျော် သည်ဟု လူရွှင်တော် ဦးလူမော်က ပြော သည်။
မန္တလေးမြို့ခံတဦးကလည်း “ကယ်တင်ခြင်းသည် မွန်မြတ်၏။ ကူညီခြင်းသည် နွေးထွေး၏။
စာနာခြင်း သည် အရာရာကို လှပစေ၏။” ဆိုသည့် စာတမ်းပါသည့်
လက်ကမ်းကြေငြာများကို ဝေငှပေးသည်ဟု ပြော သည်။
ကောက်ခံရရှိသည့် အလှူငွေများကိုလည်း ဒုက္ခသည်များလက်ထဲသို့ သဘင်ပညာရှင်များ
ကိုယ်တိုင်သွားရောက် ပေးအပ်မည်ဖြစ်သည်။
“ကိုယ်တိုင် ကိုယ်ကျ သွားပေးမှာ၊ ကိုယ်တိုင် ကိုယ်ကျ၊ အကြမ်းအားဖြင့် ပါပါလေး
ပါမယ်။ လူရွှင် တော် ဂျာအေးပါမယ်။ ချစ်စရာပါမယ်။ နောက် သဘင်အစည်းအရုံးဝင်
ဥက္ကဌလား၊ အတွင်းရေးမှူး လား လူရွှင်တော် ဦးကျော်ကြားပါမယ်။ နောက် အဓိက
အရေးအကြီးဆုံးက တီးလုံးတိုက်၊ အပင်ပန်း ခံ၊ လူအရှုပ်ခံတဲ့ ကျွန်တော်တို့
ဆိုင်းဆရာ ဂီတကြယ်လေး စိန်ဓူဝံပါမယ်ပေါ့ဗျာ။”
အနုပညာသမားဆိုသည်မှာ ပရိသတ်ကချစ်မှ၊ ပရိသတ်ကအားပေးမှ ထမင်းတလုတ်
စားရခြင်းဖြစ်ကြောင်း၊ ယခု အချိန်တွင် ပြည်သူကိုပြန်၍ ကျေးဇူးဆပ်ရမည့် အချိန်
ရောက်ပြီဖြစ်သောကြောင့် မိမိတို့က အပင်ပန်းခံနေ ခြင်းဖြစ်သည် ဟု အလှူငွေ
ကောက်ခံရခြင်း ရည်ရွယ်ချက်ကို လူရွှင်တော်ဦးလူမော်က ရှင်းပြသည်။
ယခင်က
မေလ(၂၉)ရက်နေ့တွင် အလှူုငွေ ကောက်ခံမည်ဖြစ်သော်လည်း သဘင်အစည်းအရုံးမှ
ဇွန်လ(၄)
ရက်နေ့သို့ ပြောင်းရွှေ့စေခဲ့သောကြောင့် ယမန်နေ့မှစတင်ပြီး
အလှူငွေကောက်ခံခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် မေလ(၂)ရက်နေ့တွင် စတင်တိုက်ခတ်ခဲ့သည့် နာဂစ်(စ်)
မုန်တိုင်းဒဏ်ခံရသည်မှာ တစ်လ ကျော်ပြီဖြစ်သော်လည်း လေဘေးဒုက္ခသည်များအတွက်
အလှူရှင်များ ဆက်လက် လိုအပ်နေဆဲဖြစ်သည်။
|