|
စစ်အစိုးရ၏ အကြမ်းဖက်မှုကို ကေအဲန်ပီပီက ထိုးစစ်ဆင်၍ တုံ့ပြန်
ခွန်အောင်မြတ်။
အောက်တိုဘာလ ၅ ရက်၊ ၂၀၀၇ ခုနှစ်။
သံဃာတော်များနှင့်
လူထုဆန္ဒပြပွဲများကို စစ်အစိုးရက အကြမ်းဖက်နှိမ်နင်းခြင်းအား
တန်ပြန်သည့်အနေဖြင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအဲန်ပီပီ)၏ တပ်ဖွဲ့က နအဖ
တပ်စခန်းတခုကို ၀င်ရောက်စီးနင်း တိုက် ခိုက်ရာ နအဖ တပ်သား သုံးယောက်ကျဆုံးပြီး
လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိသည်ဟု ကေအဲန်ပီပီက သတင်းထုတ်ပြန်သည်။
ယင်းတိုက်ခိုက်မှုသည်
ယမန်နေ့ မနက်က ဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားပုံကို ကေအဲန်ပီပီ၏
တွဲဖက်အတွင်းရေး မှူး ခူးဦးရယ်က ယခုလိုပြောသည်။
“မနေ့က မနက်မှာတော့
နေရာနှစ်ခုမှာ တိုက်ပွဲဖြစ်တယ်လို့ ကျနော် သတင်းရရှိတယ်။ ပထမနေရာ ကတော့
လွိုင်ကော်နဲ့ သုံးမိုင်အကွာမှာရှိတဲ့ ထီးကယ်နဲ့ ဒေါတရှား ကြားမှာ ရှိတဲ့ နအဖ
၅၄ အေဒီ တပ်ထောက်စခန်းတခုကို ၀င်ပြီးတော့ တိုက်ခိုက်သိမ်းပိုက်တယ်လို့
ကျနော်တို့ သတင်းရတယ်။ အဲဒီ စခန်းသိမ်းပွဲမှာ ရန်သူအလောင်း သုံးလောင်း
ရပြီးတော့ MA လေးလက်ရတယ်။ နောက်ပြီးတော့ BA တလက်ရတယ်။ နောက်ပြီး လက်နက်ခဲယမ်း
အချို့တွေ သိမ်းဆည်းရမိတယ်လို့ ကျနော်တို့ သတင်း ရတယ်နော်။ ဒါက မနေ့က မနက် ၅
နာရီအချိန်လောက်မှာ။”
ယမန်နေ့ နံနက် ၈
နာရီခန့်တွင် ဖရူဆိုးမြို့နယ် ကဒလား ရွာအနီးတွင် နအဖ တပ်ရင်း ၃၃၇ ၏
တပ်ဖွဲ့တဖွဲ့နှင့် ကေအဲန်ပီပီ၏ အခြားတပ်ဖွဲ့တို့ နောက်တကြိမ်ရင်ဆိုင်တိုက်ပွဲ
ဖြစ်ပွားခဲ့ကြသည်။ နှစ်ဖက် ထိခိုက်ဒဏ်ရာရရှိမှု မသိရသေးပေ။
ယခုလ ၁ ရက်နေ့တွင်
ကျင်းပခဲ့သော တိုင်းရင်းသား စစ်ရေးမဟာမိတ်အဖွဲ့၏ အစည်းအဝေးက ပြည်တွင်း ဆန္ဒ
ပြပွဲများကို ထောက်ခံကြောင်း ကြေညာခဲ့ပြီး စစ်ရေးလှုပ်ရှားမှုများကို
တိုးမြှင့်သွားမည်ဟု ဆုံးဖြတ်ခဲ့သည်။
ယမန့်နေ့က
တိုက်ခိုက်မှုသည် စစ်ရေးမဟာမိတ်အဖွဲ့၏ ဆုံးဖြတ်ချက်နှင့် ဆက်နွယ်သည်ဟု
ခူးဦးရယ်က ပြော သည်။
“ဒီလှုပ်ရှားမှုရဲ့
အစိပ်အပိုင်းတခုလို့ တိုက်ရိုက်ပြောနိုင်သလို သွယ်ဝှိုက်ပြီးတော့လည်း ဆက်နွယ်မယ်
လို့ ပြောလို့ ရနိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုလို့ရှိရင် ကျနော်တို့တွေက
ရှေ့ဆက်လုပ်ငန်း ဆောင် ရွက်စရာတွေက နည်းလမ်းပေါင်းစုံ အများကြီးရှိတယ်။ အဲဒီ
အားလုံးအများကြီးထဲက တခုဆိုရင်လည်း မမှားဘူးပေါ့။”
နအဖကို
ဆက်လက်တော်လှန်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၆)ဖွဲ့နှင့် ဖွဲ့စည်း
ထားသည့် စစ်ရေး မဟာမိတ်အဖွဲ့၏ ကြေညာချက်တွင် နအဖစစ်တပ်အတွင်းမှ ဒီမိုကရေစီ
လိုလားသော တပ်မတော်သားများ လာ ရောက်ပူးပေါင်းပါက လက်ကမ်းကြိုဆိုသွားမည်
ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
စက်တင်ဘာလ ၂၉ ရက်က
နအဖတပ်မှ စစ်ယာဉ်တန်းကို ကေအန်ယူတပ်ဖွဲ့တဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ နအဖ တပ်မှ
ဗိုလ်ကြီးတဦးအပါအ၀င် (၄) ဦး ကျဆုံးခဲ့သည်။
လွန်ခဲ့သော မတ်လက
ကရင်နီအမျိုးသားတိုးတက်ရေးပါတီသည် နအဖအစိုးရနှင့် အပစ်အခတ်ရပ်စဲရေးအတွက်
နောက်ဆုံးအကြိမ်ထပ်မံဆွေးနွေးခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပေ။
|