ဖမ်းဆီးခံရမှုကြောင့် အလုပ်သမားများ အခက်တွေ့

သီတာထွန်း။
ဒီဇင်ဘာလ ၅ ရက်၊ ၂၀၀၈ ခုနှစ်။

ထိုင်းနိုင်ငံတောင်ပိုင်းရှိ အာဏာပိုင်များက နေ့စဉ်ဖမ်းဆီးနေသဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အခက် အခဲများနှင့် ရင်ဆိုင်နေကြရသည်။

ထိုင်းနိုင်ငံတောင်ပိုင်း ချုံဖွန်မြို့နယ်၊ ပါနန်းတွင် ရဲ၊ စစ်တပ်နှင့် လူဝင်မှုကြီးကြပ်ရေးများ၏ ယခုလ ၁ရက်မှ စတင်ပြီး နေ့စဉ်ရက်ဆက်ဖမ်းဆီးမှုများကြောင့် မြန်မာအလုပ်သမားများမှာ အလုပ်မလုပ်နိုင်ဘဲ ရှောင်ပုန်းနေကြ ရသည်ဟု အလုပ်သမားတဦး ကပြောသည်။

“ပိုပြီးတော့ အဖမ်းအဆီးများလာတာပေါ့၊ သူတို့ကသုံးရက်ရှိပြီလာဖမ်းတာ၊ ဒီနေ့နဲ့ဆို လေးရက်ရှိပြီ ပေါ့ဗျာ၊ ထိတ်လန့်နေကြတာပေါ့ဗျာ၊ အခုဖမ်းသွားရင်လေ သူဌေးကလည်း တာဝန်မယူပေးဘူး၊ သူဌေးက တာဝန်မယူဆိုတာ သူဌေးကအလုပ်မှမရှိတော့ ထမင်းကို မကျွေးချင်တော့ဘူးလေ၊ ပုလိပ် ဖမ်း၊ စစ်သားဖမ်းတော့ ဘယ်လိုလုပ်ပြီး ရွေးပေးမလည်း သူတို့က၊ အဲဒါဆို ကိုယ့်ဟာ ကိုယ် ရွေးရ မယ်ဆို လူတိုင်းမှာမှ ပိုက်ဆံမရှိတာ၊ ဆင်းရဲတဲ့ အလုပ်ပဲ လာလုပ်နေကြတာကိုး၊ အဲဒါကြောင့် ကိုယ့်ဟာကိုယ်ပဲ ရှောင်ပြီးနေရတယ်၊ အကြံအဖန်နဲ့ ဂိုထောင်မှာဆင်းနေလိုက်၊  တံခါးတွေကို အပြင်ကသော့ခတ်လိုက်၊ ဘတ်ရှိတဲ့ လူတွေက သော့ခတ်ပေးရတယ်။ သူတို့ အိမ်ခန်းတွေကို။”

ယင်းဒေသသည် ငါးဖမ်းအလုပ်သမားများ အများစုရှိသည့်ဒေသဖြစ်၍ ယခုကာလအတွင်း ပင်လယ်တွင် လှိုင်းလေကြမ်းသောကြောင့် ငါးဖမ်းလှေမထွက်နိုင်ဘဲ အလုပ်လက်မဲ့ ဖြစ်နေကြချိန်၌ ထိုသို့ ဖမ်းဆီးမှုများ ကြောင့် စားရေးသောက်ရေးအတွက် အခက်ခဲနှင့် ရင်ဆိုင်ကြရသည်ဟု ၎င်းက ဆက်ပြောသည်။

“စားဖို့သောက်ဖို့ကလည်း အခက်အခဲတော့ရှိတော့ရှိတာပေါ့၊ အဲလိုမျိုးပဲ ဘယ်လိုလုပ်မလဲ၊ ဖြစ်လာ တာကိုး၊ ဒီလိုပဲပေါ့၊ ဒီလိုပဲစားနေရတာပဲ၊ ချေးပြီး ငှါးပြီးစားနေကြတာပေါ့၊ လှေတွေ ကလေကြမ်း၊ ဒီတလ၊ နှစ်လဆို လူတွေက  လုံးဝကို အလုပ်လက်မဲ့ဖြစ်သွားကြတယ်၊ လှေသမားတွေလေ၊ လုံးဝကို အလုပ်မရှိဘူး။”

အလုပ်သမားလက်မှတ်မရှိသူများကို အဓိကထားဖမ်းဆီးနေပြီး ယခင်က ဖမ်းဆီးခံရပါက ဘတ်ငွေသုံးထောင်ခန့် ပေးလျှင် ပြန်လွှတ်ပေးသော်လည်း ယခုပြန်လွှတ်ပေးခြင်းမရှိဟု အခြားအလုပ်သမားတဦးက ပြောသည်။

ယခင်က တလလျှင် တကြိမ်ခန့်သာ ဖမ်းဆီးလေ့ရှိပြီး ယခုကဲ့သို့ နေ့စဉ်ဖမ်းဆီးမှုများ မရှိခဲ့ပေ။

ထိုင်းနိုင်ငံအတွင်းတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်သန်းခန့်ရှိသည်ဟု အလုပ်သမားအရေး ဆောင်ရွက်နေ သူများက ခန့်မှန်းထားသည်။
 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။