|
မွန်ပြည်နယ် သထုံခရိုင်တွင် အဓမ္မလုပ်အားပေး စေခိုင်းမှုများတိုးမြင့်လာနေ
သတင်းနှင့်မီဒီယာ ကွန်ယက်။
ဒီဇင်ဘာလ ၅ ရက်၊ ၂၀၀၈ ခုနှစ်။
မွန်ပြည်နယ် သထုံခရိုင်အတွင်းတွင် ဒေသခံပြည်သူများကို မြန်မာစစ်အစိုးရ စစ်တပ်က
အဓမ္မလုပ်အားပေး စေခိုင်းနေမှုများ တိုးမြင့်လာနေသည်ဟု ကရင်ကယ်ဆယ်ရေးနှင့်
ဖွံ့ဖြိုးရေးအဖွဲ့ အတွင်းရေးမှူး က ပြောသည်။
“လုပ်အားပေးလုပ်ရတာ ဒီ များသောအားဖြင့်ဒီအောက်ပိုင်းပေါ့နော်၊
ဖာပွန်မြို့နယ်ရဲ့ တောင်ပိုင်း နည်းနည်း ပြီးတော့ ဒီသထုံခရိုင်၊ သထုံခရိုင်ရဲ့
နေရာအားလုံးလိုလိုပဲ။ သူတို့ (နအဖ) အတင်းအဓမ္မ လုပ်ခိုင်းတာက
ကားလမ်းပြန်ပြင်ရတာ၊ ကားလမ်းအတွက် လုံခြုံရေးယူရတာ အဲဒါအမျိုးမျိုးရှိတယ်။
ပြီးတော့စစ်တပ်ရဲ့စခန်းပြန်ပြင်ရတာတွေ အဲတာဒီ အောက်ဖက်မှာတော့ ဟုတ်တယ်။”
ဟု ကရင် ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့၏
အတွင်းရေးမှူး စောထူးကလီက ပြောသည်။
ကျောက်ကြီးမြို့ ရွှေကျင်မြို့အနီးရှိ စုစည်းရွာများသို့
ပြောင်းရွေ့နေထိုင်ကြရသည့် ပြည်သူများ အနေဖြင့် စပါးရိတ်ချိန် ၎င်းတို့၏
တောင်ယာထဲသို့ အချိန်လုံလောက် စွာမသွားနိုင်ကြသဖြင့် စားဝတ်နေရေး ခက်ခဲနေကြ
ရသည် ဟုလည်း ၎င်းကပြောသည်။
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာသားများကိုလည်း လုပ်အားပေး
စေခိုင်းမှုများ ရှိသည်ဟု ကရင် အမျိုးသား အစည်းအရုံး KNU ၏ အတွင်းရေးမှူး(၁)
ပဒို စောလှငွေ က ပြောသည်။
“ခမရ(၂)၊
စစ်ကြောင်း(၂) ရင်းမှူးကျော်အုန်းကလည်း အာရှလမ်းမကြီးဖောက်လုပ်ရေး အတွက်ကိုတဲ့
ရွာသားတွေ ပုတ်ပုတ်ကျေးရွာသားတို့ ကျေးရွာသူကျေးရွာသားတို့၊ သဲသဲ
ကျေးရွာသားတို့၊ မော်ပေါ် လော်ရွာသားတို့၊ ဒီရွာသား ဆေးကျွေးတို့၊ သနဲကုန်းတို့၊
သလော်ခီးအုပ်စုရွာသားတွေ သူတို့ခေါ် ပြီးတော့ အဲမှာ လုပ်အားပေးခိုင်းတယ်။ အဲဒါ
လုပ်အားပေး ခိုင်းတဲ့ခါမှာ တစ်အိမ်ကိုတစ်ယောက် သွားရမယ်တဲ့
မသွားဘူးဆိုလို့ရှိရင် ငွေနှစ်ထောင် ပေးရမယ်တဲ့။”
ယင်းလုပ်အားပေးစေခိုင်းမှုများကို လွန်ခဲ့သည့် အောက်တိုဘာလ လယ်ပိုင်းမှ
စတင်ခဲ့ခြင်းဖြစ်သည်။
ကျေးရွာသားများ တောင်ယာတောထဲတွင် ညအိပ်ညနေ သွားရောက်သူများနှင့် ရွှေတွင်း
အသေးစားများတွင် လုပ်ကိုင် စားသောက်နေသူများကိုလည်း အခွန်နှင့် ဆက်ကြေး
ကောက်ခံခြင်းများ ပြုလုပ်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။
“ကျိုက်ထိုမြို့နယ်အတွင်းမှာ တစ်ရက် ဆယ့်နှစ်လက ရန်သူ ခလရ(၉၆) တပ်ခွဲ(၄)မှူး
ဗိုလ်သောင်း ထိုက်က မုန်းမကန်ရွာမှာရှိတဲ့ ရွာသားတွေဆီကနေပြီးတော့ သူတို့
အဲဒီမှာရှိတဲ့ ရွှေတွင်းတွေလိုက်တူး လုပ်စားနေသူတွေဆီကနေ ကျင်းတကျင်းကို ၄၀၀၀
ကျပ် လိုက်ပြီးတော့ တောင်းနေတယ်။ နောက်ပြီးတော့ ရွာသားတွေဆီကနေ ၀ါးပိုးက တစ်ရာ၊
ဝါးအငယ်ကတစ်ရာ ခုတ်ပေးခိုင်းသေးတယ်။ နောက်ပြီးတော့တစ်ခါ
တွင်းပိုင်ရှင်တွေပေါ့လေ ကျင်းလေးပဲ တစ်ကျင်းကို ၅၀၀၀ ကျပ် ပေးရမယ် ပေါ့လေ။
နောက်ပြီးတော့ တောထဲမှာ လျှောက်အိပ်လျှောက်သွားတဲ့သူတွေပေါ့လေ ညအိပ်ရင်
တစ်ရက်စာ တစ်ရက်စာကို တစ်ရာ တစ်ရာနဲ့ အဲတာသူတို့
ထောက်ခံစာရေးပြီးမှသွားရမယ်တဲ့။”
ညောင်လေးပင်ခရိုင်အတွင်းတွင် ကားရှိသူများအား အခမဲ့ရိက္ခာပို့ခိုင်းခြင်း၊
၎င်းကားများ အား မိုင်းရှင်းကိရိယာအဖြစ် စစ်ကြောင်းရှေ့မှ
သွားခိုင်းခြင်းများအပြင် ကားလမ်းဖောက် ခြင်း၊ တပ်ခြံကာခြင်း၊ စခန်း
ဆောက်ခြင်း၊ ကင်းစောင့်ပေးရခြင်း စသည့်လုပ်ငန်းများ လုပ်ဆောင်ပေးနေရသည်ဟု
၎င်းကဆက်ပြောသည်။
လွန်ခဲ့သောအောက်တိုဘာလက KNU နှင့် နအဖအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက်
မိမိနေရပ်ကို စွန့်ခွာ ထွက်ပြေးနေသည့် ထောင်နဲ့ချီသော ဒုက္ခသည်များသည် ၎င်းတို့
နေရပ်ရင်းသို့ ပြန်လည်နေထိုင်နိုင်ခြင်း မရှိ သေးဟု ကရင်ကယ်ဆယ်ရေးနှင့်
ဖွံ့ဖြိုးရေး အဖွဲ့ကပြောသည်။
|