တာချီလိတ်တွင် မြေကွက်ဈေးနှုန်း သုံးဆကျော်မြှင့်တက်

သတင်းနှင့်မီဒီယာကွန်ယက်။ ဇော်ကြီး။
ဇန္န၀ါရီလ ၆ ရက်၊ ၂၀၁၀ ခုနှစ်။

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ မြေကွက်ဈေးနှုန်းသည် ယမန်နှစ်ထက် သုံးဆကျော်မြှင့်တက်လာသည်ဟု ဒေသခံများက ပြောသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ယခင်က မြေကွက်တကွက်လျှင် ဘတ်ငွေ တစ်သိန်းကျော်ရှိရာကနေ ယခု သုံးသိန်းကျော် ဈေးမြှင့်တက်သွားသည်ဟု တာချီလိတ်မြို့ခံ တစ်ဦးက ပြောသည်။

“မြေကွက်တွေက အရင်ကတစ်သိန်းနှစ်သောင်းဆိုတဲ့ဟာ အခုကသုံးသိန်းခွဲလေးသိန်း တောင်ပေါက် သွားတယ်။”

၂၀၀၉ ခုနှစ်အစောပိုင်းက ပေ ၄၀၊ ၆၀ ရှိ မြေယာတစ်ကွက်ဈေးနှုန်းမှာ ထိုင်းဘတ်ငွေ တစ်သိန်းနှစ်သောင်းခန့် ပေါက်ဈေးရှိသော်လည်း ရှစ်သောင်းခန့်နှင့်သာရောင်းရပြီး ယခုနှစ်မှ သုံးဆကျော်မြှင့်တက်လာခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

“၀” အရပ်သားများအနေနှင့် စစ်အစိုးရနှင့် ၀တပ်ဖွဲ့အကြား တည်ငြိမ်မှုမရှိသည့်အခြေအနေအပေါ်စိုးရိမ်၍ ပြောင်း ရွှေ့ လာကြသူများရှိသလို စီးပွားရေးအရ အခြေချနေထိုင်သူ ပိုများလာသည်ဟု ၎င်းကဆက်ပြောသည်။ 

“(၀) သူဌေးတွေက သူတို့ဟိုမှာနည်းနည်းရှုပ်ရှုပ်ယှက်ယှက်ရှိတော့ ၀င်ပြီးပြန်လာနေတာမျိုး လည်းရှိ တယ်။ အရင်ကဒီမှာခေတ်မကောင်းလို့ဆိုပြီး ၀ တွေကသူတို့နယ်ကို သူတို့ပြန်ကြတာပေါ့။ အဲဒီအချိန် ကတော့ အိမ်ဈေးတွေဘာတွေတော့ကျတယ်။ အခုကတော်တော် ပြန်လာနေကြတာပဲ။ တော်တော်ပြန် လာဝယ်ကြတယ်။”

မိုးတွင်းကာလ ရေလွှမ်းမိုးနိုင်သည့်နေရာများ၌ မြေကွက် ဈေးနှုန်း မတက်သော်လည်း အခြားနေရာများ၌ ဈေးပို တက်နေသည်ဟု အခြားဒေသခံတစ်ဦးက ယခုလို ပြောသည်။

“ရေတက်တဲ့နေရာကျတော့ ဈေးသိပ်မတက်ဖူး။ အဲဒီနေရာတွေကျတော့ အရင်ကတစ်သိန်းနှစ်သောင်း လောက်ဆိုရင် အခုက နှစ်သိန်းလောက်ပေါ့ဗျာ။ မြေကောင်းတဲ့နေရာ ကျတော့ တက်တာပေါ့။ တော် တော်များများတက်တယ်လေ။ သုံးသိန်းခွဲ၊ လေးသိန်းလောက် ထိတက်သွားတယ်။”

လွန်ခဲ့သည့် ၂ နှစ်ခန့်မှစ၍ မြန်မာပြည်တွင်း၌ လုပ်ကိုင်စားသောက်ရန်ခက်ခဲသူများ အနေနှင့် နယ်စပ်ဒေသသို့ လာရောက်အခြေချသူပိုများလာပြီး ယခင်ကထက် လူဦးရေ ပိုထူထပ်လာသည်ဟု ၎င်းကဆက်ပြောသည်။

“တချို့လည်း ဗမာပြည်မှာအလုပ်လုပ်တာအဆင်မပြေတော့ အကုန်လုံးဒီဖက်မှာလာလုပ် တာပေါ့။ ဒီ ဖက်မှာက ဟိုဖက်မှာထက်စာရင် ရှာစားရတာနည်းနည်းလွယ်တယ်လေ။ ဗမာပြည်ကရှာစားရခက်တာ နဲ့ ဒီဖက်ကိုပြောင်းလာကြတာပေါ့။ တချို့ပိုက်ဆံရှိတဲ့သူတွေ ကလည်း အကွက်ကို ဒီမှာဝယ်ထားတယ်။ တချို့ဆိုရင် အိမ်ခန်းငှားတဲ့ပုံစံကို ဆောက်ပြီး အဲတာမျိုးအခန်းငှားပေးတာလေ။ အဲတာ တွေတောင်မှ အခန်းတွေတောင်မလောက်ဖူး။ အိမ်ခန်းငှားတွေ တော်တော်များတာပေါ့။”   

တာချီလိတ်မြို့၌ မြေယာဈေးများ မြှင့်တက်ခြင်းနှင့်အတူ မြန်မာကျပ်ငွေဈေးနှုန်းလည်း လိုက်တက်နေပြီး ယမန်နှစ် က ယခုလိုနှစ်ဆန်းပိုင်းအချိန် မြန်မာငွေကျပ်တစ်သိန်းလျှင် ထိုင်းဘတ်ငွေ ၂၈၀၀ ခန့်သာရှိသော်လည်း ယခုနှစ် တွင် ၃၄၀၀ ခန့်ပေါက်ဈေးရှိသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။