ထောင်နှင့်ချီသော မြန်မာ အလုပ်သမားများ တောထဲ ပုန်းရှောင်နေရ

သတင်းနှင့်မီဒီယာ ကွန်ယက်။ အားမီ။
ဇူလိုင်လ ၆ ရက်၊ ၂၀၁၀ ခုနှစ်။

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တောင်ဖက်၊ ဖုတ်ဖရမြို့နယ်အတွင်းရှိ တရားမဝင် အလုပ်သမားများကို ဒေသ ခံအာဏာပိုင်များက အထူးစစ်ဆင်ရေးအနေဖြင့် ရှာဖွေဖမ်းဆီးနေသဖြင့် အလုပ်သမားထောင်နှင့်ချီ၍ တော တောင်ထဲတွင် ပုန်းရှောင်နေကြရသည်။

တရားမ၀င် အလုပ်သမားများကို လွန်ခဲ့သည့် သောကြာနေ့မှ စတင်၍ ယနေ့အချိန်ထိ ဖမ်းဆီးနေဆဲဖြစ်သည်ဟု ဖုတ်ဖရမြို့နယ် ၄၄ ကီလိုမီတာရွာရှိ မြန်မာ ကျောင်းဆရာ တစ်ဦးက ယခုလိုပြောသည်။

ဖမ်းနေတာကတော့ ဆက်ဖမ်းနေဆဲပါပဲ။ ဖမ်းတယ်ဆိုတာကလည်း အရင်ရက်ကလို ခပ်စိပ်စိပ်နေ့ ဖက်တွေ ထွက်ဖမ်းတဲ့ပုံစံမျိုးမဟုတ်တော့ပဲနဲ့ ညပိုင်းတွေကိုဝင်ဖမ်းကြတဲ့ အခြေအနေပေါ့။ ည ၁ နာရီ ခွဲ၊ ၂ နာရီ အလုပ်သမားတွေအိပ်တဲ့အချိန်မှာ သူတို့က ဝင်ဖမ်း ကြတယ်။ တနာရီခွဲ၊ နှစ်နာရီဆိုတာ အရမ်းအိပ်ကောင်းနေတဲ့အချိန်လေ။ ခြံဝန်းကြီး တွေထဲကို ဝိုင်းပြီးတော့မှ ဝင်ဖမ်းကြတဲ့ အခါကျတော့ အလုပ်သမားအများစုကတော့ မိတာပေါ့ဗျာ။

ညဘက်တွင် တောထဲ ပုန်းရှောင်နေရသည့် အခြေအနေနှင့် ပတ်သက်၍ ယင်းဆရာက လုပ်ငန်းရှင် တွေက လည်း သူတိုကို ၀န်းတွေအလိုက် လိုက်ပြီး သတိပေးထားတော့ သူတို့က တောတွေ တောင်တွေ တောင်ယာစောင့်တဲ့တဲတွေ သစ်တောတွေထဲမှာ မိသားစုလိုက် သွားအိပ်ကြတယ်။ ကျနော်တိုဒီ အောက်က ရွာကြီးတရွာနဲတင် အလုပ်သမားတွေ ထောင်နဲချီရှိပါတယ်။ ကျနော်တို၄၄ ရွာကြီးမှာတင်။ ကျန်တဲ့ အရပ်ဒေသတွေမှာလည်း ရှိကြပါတယ်။ ဟု ပြောသည်။

နေ့ဘက်တွင် အလုပ်လုပ်ကြပြီး ညအချိန်တွင် တောထဲ ပုန်းအောင်း အိပ်သော်လည်း အလှည့်ကျကင်း စောင့်ကြ ရသည်ဟု နှင်းဆီခြံထဲမှ အလုပ်သမား ဦးဆန်းယုက ပြောသည်။

မနက်မိုးလင်း (၇)နာရီဆို အလုပ်ဆင်းရတယ်။ အလုပ်ပျက်ပြန်တော့လည်း သူဌေးတွေက သိပ်မ ကြိုက်ကြဘူး။ အခုဆိုရင် ကျနော်တို့က ညဖက်ကိုမအိပ်ရဘူး။ ၄ ညဆက်တိုက်ကို မအိပ်ရဘူးဗျ။ အ လှည့်ကျ အဖွဲ့ထဲမှာ နားလည်မှုယူပြီး ကင်းစောင့်ရတယ်။ ရဲကားလာပြီဆိုရင် ပြေးနေရတယ်။ ကျနော် တို့ကဘတ်(အလုပ်သမားလက်မှတ်)မရှိတော့ တိမ်းရှောင်နေကြရတယ်။ ညဘက်မှာ ကားတွေ့ရင် လည်း ပြေးသင့်ရင်ပြေး လွှားသင့်ရင် လွှားနေရတာပေါ့။ အမြင့်ဆုံးတနေရာကနေ နေပြီးတော့ အဲဒီက နေ အချက်ပေး၊ လိုဏ်ထဲမှာ ကျန်တဲ့ ကလေးတို့ မိန်းကလေးတို့ ရှိရှိသမျှလူပေါ့ ပြေးကြလွှားကြ ရတယ်။

နွေရာသီတွင် အခက်အခဲ သိပ်မရှိသော်လည်း မိုးတွင်းကာလဖြစ်သည့်အတွက် အခက်အခဲများ ရှိကြောင်းကို အလုပ်သမားဦဆန်းယုက ပြောသည်။

အခက်အခဲကတော့ အခုလိုမိုးတွင်းကာလဆို ပိုဆိုးတာပေါ့။ နွေဆိုရင်တော့ လွယ်ကူတယ်၊ သစ်ရိပ် ဝါးရိပ်မှာနားလို့ရတယ်။ ဒါပေမယ့် အခုက မိုးတွင်းကာလဆိုတော့ ဘယ်လိုမှ မလွယ်ကူပါဘူး။ ၇ နာရီခွဲ၊ ၈ နာရီဆိုရင် စောင်ထုပ်ကလေးတွေ ပိုက်ပြီး၊ water proof လေးတွေပိုက်ပြီး ဒါကတော့ ကျနော်တို့ဒေသရဲ့ အစဉ်အလာလိုဖြစ်နေပါပြီ။ အခုလို အရမ်းနာမည်ကြီးတဲ့ရက်တွေပေါ့၊

ထွက်ပြေးပုန်းရှောင်နေရသူများအနက် မိုးတွင်းကာလဖြစ်သောကြောင့် တုပ်ကွေးနှင့် ဝမ်းရောဂါဖြစ်ပွားနေသူများ ရှိပြီး ဆေးရုံတင်ထားရသူများရှိသည်ဟု ဆက်ပြောသည်။

ဖမ်းဆီးခံရသူများထဲတွင် ထွက်မပြေးနိုင်သည့် ကလေးငယ်များနှင့်အမျိုးသမီးများမှာ အများစုဖြစ်သည်ဟု အလုပ် သမားများကပြောသည်။

ယခုလ ၂ ရက်နေ့က ဖုတ်ဖရမြို့နယ်နှင့် မယ်ရမတ်မြို့နယ်တို့တွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၀၀ ခန့်ဖမ်း ဆီးခံခဲ့ရသည်။

ထိုင်းဝန်ကြီးချုပ်မှ တရားမ၀င်နိုင်ငံခြားသားအလုပ်သမား ဖမ်းဆီးရေးစီမံချက်ကို လက်မှတ် ရေးထိုးခဲ့ပြီး လက်ခံ ထားသည့်အလုပ်ရှင်များကိုလည်း တည်ဆဲဥပဒေအရ အရေးယူမည် ဟု လွန်ခဲ့သည့်ဇွန်လ ၂ ရက်နေ့က ထုတ် ပြန်အပြီး ထိုင်းနိုင်ငံအနှံဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်ပေါ်လျှက်ရှိသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။