မြန်မာ (၆) ဦး မလေးရှားတွင် သေဒဏ်ပေးခံရ

ဇော်ကြီး။
သြဂုတ်လ ၆ ရက်၊ ၂၀၀၉ ခုနှစ်။

မလေးရှားရောက် မြန်မာ လူဆိုးဂိုဏ်းအဖွဲ့ဝင် (၆) ဦးအား မလေးရှားတရားရုံးချုပ်က ယနေ့ သေဒဏ်အပြစ်ပေး လိုက်သည်။

အဆိုပါ (၆) ဦးသည် မြန်မာနိုင်ငံသား တဦးအား သတ်ဖြတ်မှုဖြင့် ထောင်ကျနေသူများ ဖြစ်ပြီး အခြားအမှုများ လည်း ကျူးလွန် ထားသူများဖြစ်သည်ဟု မလေးရှားရောက် မြန်မာနိုင်ငံသား တဦးက ယခုလိုပြောသည်။

ဒီအမှုက နောက်ဆုံးအမှု၊ သူတို့က ထောင်ကျနေတာကြာပြီ။ ခြောက်လတို့ ဘာတို့ သူတို့မှာ အမှုတွေ အများကြီးရှိသေးတယ်။ အဲဒီအမှုတွေသူတို့က ရင်ဆိုင်ပြီးသွားပြီ။ ဒီအမှုမှာ သူတို့ကို အပြီးသေဒဏ်ချ လိုက်တာ။

ယင်း ၆ ဦးသည် မလေးရှားလူမိုက်အဖွဲ့နှင့်ပေါင်းကာ ပြန်ပေးဆွဲခြင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း၊ သောက်သုံး ခြင်းအပြင် မြန်မာနိုင်ငံသားများ အပေါ်လည်း အနိုင်ကျင့် နေသူများ ဖြစ်သည် ဟု၎င်းကဆက်ပြောသည်။

၎င်းအုပ်စုသည်  လွန်ခဲ့သည့် ၂၀၀၅ ခုနှစ် ဇွန်လ ၂ ရက်နေ့က ညီအစ်ကိုနှစ်ယောက်အား လုယက်ရာမှ လူသတ် မှု ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု အသတ်ခံရသူနှင့် ဆွေမျိုးတော်စပ်သူ တဦးက ယခုလိုပြောသည်။

အကိုက ထွက်ပြေးလို့လွတ်သွားတယ်။ ညီလေးက ခံပြီးတော့ချတာနဲ့ အဲဒီညီလေးကို သူတို့က စကေ ဘာတွေနဲ့ ၀ိုင်းထိုးလိုက်တာဗျ၊ အဲဒီကောင်တွေ ၆ ယောက်မှာ ၅ ယောက် လောက်က ၀ိုင်းထိုးလိုက် တာ။

သေဒဏ်ချခံရသူများမှာ စလင်း၊ မောင်မောင်၊ ဇော်ဇော်၊ နာခူး၊ ကာဆင်နှင့် ဇော်ဦးခေါ်ဦးဇော် တို့ဖြစ်ကြပြီး မြန်မာမွတ်စလင်များဖြစ်သည်။

၎င်းတို့အားသေဒဏ်ချမှတ်လိုက်သည့်အပေါ် ဒီကောင်လေးတွေက အပြင်ကိုထွက်လာရင်လည်း ပြန် လိမ္မာ လာမှာမဟုတ်တော့ဘူး၊ တွေ့တဲ့ကောင်ကိုသတ်အုံးမှာပဲ။လက်စွမ်းလက်စ ရှိတယ်။ သူတို့နောက် တယောက် သတ်ဖို့ကို ၀န်လေးမှာမဟုတ်ဖူး။ ဒါပေမယ့် ဗမာလူမျိုးတွေ အချင်းချင်းဆိုတော့ စိတ်ထဲ မှာ နည်းနည်းတော့နာမိတာပေါ့ဗျာ။ ဟု ဆွေမျိုးတော်စပ်သူ ကဆက်ပြောသည်။

မလေးရှားနိုင်ငံ၌ ထိုကဲ့သို့ မြန်မာလူဆိုးဂိုဏ်းအဖွဲ့များရှိနေသည့်အတွက်ကုလသမဂ္ဂဒုက္ခ သည်များဆိုင်ရာ မဟာ မင်းကြီးရုံး (UNHCR) ၏ တရားဝင်လက်မှတ် ကိုင်ဆောင်ထားသူများ အတွက် နစ်နာမှုများ ရှိသည်ဟုမလေး ရှားရောက် UNHCR လက်မှတ်ကိုင်ဆောင်ထား သူများက သုံးသပ်ကြသည်။

မြန်မာနိုင်ငံသားများအား ယခုလို ကြီးလေးသည့်အပြစ်ပေးမှုသည် မလေးရှားနိုင်ငံတွင် ပထမဆုံး အကြိမ်ဖြစ် သည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။