ဖျာပုံ၌ ဆရာဇော်ဂျီ ရာပြည့်ပွဲအခမ်းအနား ကျင်းပမည်

ဧပြီလ ၇ ရက်၊ ၂၀၀၇ ခုနှစ်။

မြန်မာပြည်၏ ခေတ်ဆန်းစာပေလောကကို ဦးဆောင်သူ အမျိုးသားစာဆို ဆရာဇော်ဂျီ၏ ရာပြည့် အထိမ်းအမှတ် အခမ်းအနားကို လာမည့် ဧပြီလ (၈)ရက်နေ့တွင် ဆရာဇော်ဂျီ၏ မွေးရပ်ဇာတိဖြစ်သည့် ဖျာပုံမြို့တွင် ကျင်းပမည် ဖြစ်သည်။

မနက်ဖြန် ပြုလုပ်မည့် အခမ်းအနားအစီအစဉ်နှင့် ပတ်သက်၍ ကဗျာဆရာ ဖျာပုံ နီလုံဦးက ယခုလို ပြောသည်။

“ကြေးရုပ်ဖွင့်ပွဲအခမ်းအနားမှာ ကြေးရုပ်ကော်မတီရဲ့ ဥက္ကဌဖြစ်တဲ့ စာရေးဆရာချစ်စံဝင်းကနေ အဖွင့်စကားပြော ကြားပါမယ်။ အဖွင့်စကားပြောကြားပြီး ဖဲကြိုးဖွင့်မှာပေါ့။ ဖဲကြိုးဖွင့်ပြီး စကားပြောမယ်။ ပြီးတော့မှ အဲဒီစကား ပြော ပြီး၊ ကြေးသွန်းရုပ်ဖွင့်ပွဲ အခမ်းအနားပြီးတော့မှ ကျနော်တို့ ဆရာဇော်ဂျီ ရာပြည့်အခမ်းအနား သီးသန့်ထပ်ဖွင့် ပါ့ မယ်။ အဲလိုဖွင့်တဲ့အခါမှာ ကျနော်တို့ နောက်ကနေပြီးတော့ ဆရာဇော်ဂျီရဲ့ တေးကဗျာလေးကို သီချင်းဆိုထား တဲ့ အဆိုတော်များနဲ့ သီချင်းများရဲ့ နောက်ခံ ကျနော်တို့ ဖွင့်ဖို့ပေးဖို့ အစီအစဉ်တွေ ရှိပါတယ်။”

ကြေးပိဿာချိန် ၂၀၀၊ အမြင့် လေးပေခွဲ ရှိသည့် ဆရာဇော်ဂျီ ကြေးရုပ်ထုဖွင့်ပွဲ အခမ်းအနားကို မနက်ဖြန် (၈) ရက်နေ့ ညနေ ၆ နာရီတွင် စတင်မည်ဖြစ်သည်။

ရာပြည့်ပွဲအခမ်းအနားတွင် စာရေးဆရာကြီး မင်းယုဝေ၊ ဆရာမောင်ဆုရှင်၊ မောင်ခင်မင်(ဓနုဖြူ)နှင့် မောင်မြင့် ကြိုင် တို့က ဆရာဇော်ဂျီနှင့်ပတ်သက်၍ ဟောပြောပွဲ ကျင်းပမည် ဖြစ်ကာ ဆရာဇော်ဂျီအား ချစ်ခင်လေးစား သော စာပေပညာရှင်များနှင့် ၀ါသနာရှင်အများအပြား တက်ရောက်ကြမည်ဟု ကဗျာဆရာ ဖျာပုံနီလုံဦး ကပြော သည်။

ထို့ပြင် ရာပြည့်ပွဲကော်မတီမှကျင်းပသော ကဗျာ၊ စာစီစာကုံးပြိုင်ပွဲများကိုလည်း အခမ်းအနားတွင် ဆုချီးမြှင့်မည် ဖြစ်ကာ ဆရာဇော်ဂျီ၏ ကဗျာရွတ်ဆိုပွဲလည်း ပါဝင်မည်ဖြစ်သည်။

ဇော်ဂျီရာပြည့်မဂ္ဂဇင်းတစ်စောင်အား ယခုလ ၃၀ ရက်နေ့တွင် ဖြန့်ချိ မည်။

ဆရာဇော်ဂျီ ရာပြည့်အခမ်းအနား ဖြစ်မြောက်ရေးအတွက် ဖျာပုံတွင်ရှိသည် စာရေးဆရာ၊ ကဗျာဆရာ၊ စာနယ် ဇင်း သမားများက ဦးဆောင်ကာ မြိ့ဏ္ဍခံ စီးပွားရေးလုပ်ငန်းရှင်များနှင့် အာဏာပိုင်များက ပါဝင်ပံ့ပိုးကူညီ ခဲ့ သည်။

ဆရာဇော်ဂျီသည် ၁၉၂၈ခုနှစ်မှ စတင်၍ ခေတ်စမ်းကဗျာများကို စတင်ရေးသားခဲ့ကာ ဆရာဇော်ဂျီ၏ ကဗျာများ သည် တိုင်းချစ်ပြည်ချစ်စိတ်ဓါတ်၊ မြန်မာယဉ်ကျေးမှု၊ သဘာဝအလှများနှင့် ဘ၀ဒဿနကို အလေးထား ဖေါ်ပြ ခဲ့ပြီး ထင်ရှားသောကဗျာများမှာ ဗေဒါလမ်းကဗျာ နှင့် ညီသစ်ဆင်းကဗျာများ ဖြစ်သည်။

အမျိုးသားစာဆို ဆရာဇော်ဂျီသည် ၁၉၄၈ ခုနှစ်တွင် ၀ဏ္ဏကျော်ထင်ဘွဲ့၊ ၁၉၅၅ ခုနှစ်တွင် “သခင်ကိုယ်တော် မှိုင်းဋီကာ” စာအုပ်အတွက် စာပေဗိမာန်၏ စာပဒေသာဆု၊ ၂၉၇၉ ခုနှစ်တွင် “နင်လားဟဲ့ ချစ်ဒုက္ခနှင့် အခြား ၀တ္ထုများ” ဘာသာပြန်စာအုပ်ဖြင့် အမျိုးသားစာပေ (ဘာသာပြန်ရသစာပေ)ဆု အပါအ၀င် ဆုပေါင်း (၅)ဆု ရရှိ ခဲ့သည်။

၁၉၀၇ ခုနှစ်၊ ဧပြီလ ၁၂ ရက်၊ သောကြာနေ့တွင် ဖွားမြင်ပြီး ၁၉၉၀ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်၊ ဗုဒ္ဓဟူး နေ့တွင် ကွယ်လွန်ခဲ့သည်။ အမည်ရင်းမှာ ဦးသိန်းဟန်ဖြစ်သည်။

ဆရာဇော်ဂျီကွယ်လွန်ပြီးနောက်တွင်   ဖျာပုံမြို့ရှိ အဓိကလမ်းမကြီးအား ဇော်ဂျီလမ်းဟု သတ်မှတ်ခဲ့ကာ ဇော်ဂျီ စာကြည့်တိုက်ဖွင့်လှစ်ရန် ပြင်ဆင်ထားသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။