|
လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသည့် အစိုးရရုံးများပြင်ရန် ဒေသခံထံ
ငွေကောက်ခံ
သတင်းနှင့်မီဒီယာကွန်ယက်။ အားမီ။
မေလ ၇ ရက်၊ ၂၀၁၀ ခုနှစ်။
ရှမ်းပြည်မြောက်ပိုင်း
မန်တုန်မြို့နယ်တွင်း ဝင်ရောက်တိုက်ခတ်သွားသည့် လေပြင်းကြောင့် ပျက်စီးသွားသော
အ စိုးရရုံးများကို ပြန်လည်ပြုပြင်ရန် ဒေသခံပြည်သူများထံ အာဏာပိုင်များက
အဓမ္မငွေကောက်ခံနေသည်။
အဓမ္မငွေကောက်ခံနေခြင်းသည်
မန်တုန်မြို့နယ် ခြေလျှင်တပ်ရင်း (၁၃၀)တပ်ကုန်းရှိ အစိုးရ အဆောက်အဦ
များပြင်ဆင်ရန်ဖြစ်သည်ဟု တအာင်းကျောင်းသားနှင့် လူငယ်များအစည်းရုံးမှ
အထွေထွေအတွင်းရေမှူး မိုင် အောင်ကို က ယခုလိုပြောသည်။
“ဆင်းရဲတဲ့မိသားစုတွေကိုတော့ ကျပ်ငွေ ၂၀၀၀၀၊ လူလတ်တန်းစားတွေဆိုရင် ကျပ်၅၀၀၀၀
ပြီးတော့ ချမ်းသာတဲ့မိသားစုဆိုရင် ကျပ်ငွေ ၁ သိန်းပေါ့လောလောဆယ် ဒီကြားထဲမှာ
ထပ်ဖြစ်တာက သစ်ကုန် သည်တရုတ်တွေကျတော့ ၅၀၀၀၀ ပဲကောက်ပြီးမှ ဒီကျတော်တို့
ပလောင်တွေကျတော့ ကျပ်ငွေ ၁ သိန်းကောက်နေတာလေ တချို့က မကျေမနပ် ဖြစ်နေတယ်လေ။”
လေပြင်းတိုက်ခတ်မှုကြောင့်
မန်တုန်မြို့နယ်တွင်းရှိ လက်ဖက်စက်ရုံများ၊ အစိုးရရုံးများ၊ စာသင်ကျောင်းများ အ
ပါဝင် လူနေအိမ်ခြေ(၃၀)ကျော်ပျက်စီးသွားပြီး ကာလတန်ဖိုး ကျပ်သိန်း ၃၀၀ ကျော်
ပျက်စီးဆုံးရှုံးသွားသည်။
အစိုးရအဆောက်အဦများကို
ပြန်လည်ပြုပြင်ရန်အတွက် မယက ဥက္ကဌ က မေလ ၁ ရက်နေ့တွင် သက်ဆိုင်ရာ
ရပ်ကွက်လူကြီးများနှင့် အစည်းအဝေးပြုလုပ်ပြီး ဒေသခံများအား ၇ ရက်နေ့တွင်
နောက်ဆုံးထားပေးဆောင်ရန် ပြောဆိုခဲ့သည်ဟု မိုင်အောင်ကို က ပြောသည်။
လေပြင်းတိုက်ခတ်မှုကြောင့်
ဒေသခံများ၏ လက်ဖက်စက်ရုံများ ပျက်စီးသွားမှုအပေါ် ကူညီမှုများ မရှိသည့်အပြင်
အတင်းအဓမ္မငွေ ကောက်ခံမှုများကြောင့် ဒေသခံများ အခက်အခဲဖြစ်နေကြသည်ဟု
၎င်းကဆက်ပြောသည်။
“ဒေသခံရဲ့ပြောပြချက်အရကတော့ ဒီလက်ဖက်စက်ရုံတခုမှာဆိုရင် မုန်တိုင်းကြောင့်
ပျက်စီးသွားလို့ ဒီ သွပ်မိုးတွေလည်းအားလုံးပြောင်တယ်၊ အားလုံးပျက်စီးတယ်။
အဲ့ဒါကိုကူပေးတာ မရှိတဲ့အပြင် အဲ့ဒီ နောက်ထပ် စည်ပင်ရုံးနဲ့
တခြားရုံးတွေကိုပြန်ပြင်ဖို့အတွက် ပိုက်ဆံ ကောက်တော့ ဒေသခံရွာသားတွေ အနေနဲ့က
အခက်အခဲတွေအများကြီးရှိနေတယ်ဗျ။”
အဆိုပါလေပြင်းသည်
လွန်ခဲ့သည့်ဧပြီလ ၁၇ ရက်နေ့ ညနေ ၃ နာရီအချိန်မှ ၅ နာရီ ထိ စစ်တပ်ကုန်းတွင် ၃
ကြိမ်တိုက်ခတ်ခဲ့ပြီး မြို့တွင်း၌ တကြိမ်သာတိုက်ခတ်ခဲ့သည်ဟု တအာင်း
ကျောင်းသားနှင့် လူငယ်များအစည်း အရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
|