|
လူထုဆန္ဒထုတ်ဖော်မှုကို
ဦးဆောင်ရန် မန်းအဖွဲ့ချုပ်က ဗဟိုသို့ တိုက်တွန်း
သတင်းနှင့်မီဒီယာကွန်ယက်။
စက်တင်ဘာ၇ရက်၊ ၂၀၀၇ခုနှစ်။
မန္တလေးတိုင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ် ၃၀ မှ ကိုယ်စားလှယ်များ အစည်းအဝေးကို
ယနေ့နံနက် တွင် ကျင်းပခဲ့ပြီး နအဖအနေဖြင့် တွေ့ဆုံဆွေးနွေးပွဲကို လက်မခံပါက
ပြည်သူတို့၏ ဆန္ဒသဘောထားထုတ် ဖော်မှုများကို အဲန်အယ်လ်ဒီမှ ဦးဆောင်ပေးရန်
ဗဟိုအဖွဲ့ချုပ်(စီအီးစီ)သို့ ဆန္ဒပြုတိုက်တွန်းလိုက်သည်။
ယနေ့ ကျင်းပခဲ့သော
အစည်းအဝေးတွင် ဆုံးဖြတ်ချက် ၈ရပ်ချမှတ်ခဲ့ပြီး ယင်းဆုံးဖြတ်ချက်ကို
မန္တလေးတိုင်း အဲန်အယ်လ်ဒီမှ ဦးတင်အောင်အောင်က ယခုလို ဖတ်ကြားပြသည်။
“ပြည်သူလူထု
ဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် အမျိုးသား ပြန်လည်သင့်
မြတ်ရေး အတွက် တွေ့ဆုံဆွေးနွေးမှုသည် မဖြစ်မနေဆောင်ရွက်ရမည့်
လုပ်ငန်းတရပ်အနေဖြင့် ပိုမို ပီပြင်ထင်ရှား လာပေသည်။ ပထမဦးစွာ နအဖနှင့်
အဲန်အယ်လ်ဒီတို့ တွေ့ဆုံဆွေးနွေးရန် တိုက်တွန်း တောင်းဆိုသည်။ ဤနည်းလမ်းအား
ငြင်းပယ်ပါက အခက်အခဲအကျပ်အတည်းများအား ခံစားနေရ သော ပြည်သူလူထုအများစု၏
ဆန္ဒသဘောထားများအား လွတ်လပ် ပွင့်လင်း လုံခြုံစွာဖြင့် ထုတ်ဖော် ပြနိုင်ရေး
အစီအစဉ်များအား ဦးဆောင်ပေးရန် ဗဟိုအဖွဲ့ချုပ်သို့ တိုက်တွန်းတောင်းဆိုသည်။”
မန္တလေးတိုင်း
အဲန်အယ်လ်ဒီ မြို့နယ်၃၀ အစည်းအဝေးက သြဂုတ်လ ၁ရက်နေ့တွင် ကုလသမဂ္ဂသို့ပေးပို့သော
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၉၂ဦး၏ စာတမ်းကို ဗဟိုအလုပ်အမှုဆောင်က
ကိုယ်စားလှယ်များနှင့် ညှိနှိုင်း၍ ဦးဆောင်မှုပေးရန်နှင့်
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းပေးရန် အကြံပြုထားသည်။
အစည်းအဝေးသို့
တက်ရောက်လာသော မြို့နယ်၃၀မှ ကိုယ်စားလှယ်များကို အာဏာပိုင်များက တားဆီးသဖြင့်
မြို့နယ် ၂၀မှ ကိုယ်စားလှယ် ၅၀ကျော်ခန့်တက်ရောက်ခဲ့သည်။
မန္တလေးမြို့တွင်
ကျင်းပသော ယနေ့အစည်းအဝေးကို အာဏာပိုင်များက နှောက်ယှက်ခဲ့ကြောင်းကို မန္တလေး
တိုင်း အဲန်အယ်လ်ဒီ တိုင်းတွဲဖက်အထွေထွေအတွင်းရေးမှုး ဦးမောင်မောင်သန်းက
ယခုလိုပြောသည်။
“လုံခြုံရေးအခြေအနေက
တော်တော်ကို ဆိုးပါတယ်။ မနက်ပိုင်းမှာ အစည်းအဝေးကျင်းပမယ့် ကျနော်
တို့ဝင်းရဲ့ထိပ်မှာ စည်ပင်သာယာကနေ သန့်ရှင်းရေးလုပ်တယ်ဆိုပြီးတော့မှ
မြောင်းတွေဖော်ပြီးတော့ မှ မြောင်းထဲက ဗွက်တွေအကုန်လုံးကို ကျနော်တို့
ဝင်းထိပ်မှာ ပုံထားပြီးတော့မှ ကျနော်တို့ အဖွဲ့ဝင် တွေအကုန်လုံးကို
ဝင်လို့မရတော့တဲ့ အခြေအနေမျိုးအထိဆိုးသွားပါတယ်။ ကျနော်တို့ အတိုက်အခံ
ပြောပြီးတော့မှ ဒါတွေကို ရှင်းလင်းခိုင်းတဲ့အခါကျမှပဲ အဖွဲ့ဝင်တွေ
အထဲဝင်လို့ရပါတယ်။”
အစည်းအဝေးကျင်းပရာနေအိမ်၏ လမ်းထိပ်များတွင်လည်း စွမ်းအားရှင်ဟု ယူဆရသူများကို
အာဏာပိုင်များက ချထားသကဲ့သို့ မြို့ထဲတွင်လည်း စစ်တပ်မှ လက်နက်အပြည့်အစုံနှင့်
လုံခြုံရေးချထားသည်ဟု ဟု ၄င်းက ဆက်လက် ပြောသည်။
ယနေ့ကျင်းပခဲ့သော
မန္တလေးတိုင်း မြို့နယ်၃၀မှ ကိုယ်စားများအစည်းအဝေးက ကုန်ဈေးနှုန်းကျဆင်းရေး
အတွက် ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုသူများကို အကြမ်းဖက် နှိပ်နင်းနေမှုကို
ကန့်ကွက်ရှုတ်ချလိုက်ပြီး ဖမ်းဆီး ထိန်းသိမ်းထားသူများ အားလုံးကို
ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန်၊ အဲန်အယ်လ်ဒီဒေသရုံးများအားလုံးကို
ပြန်လည်ဖွင့်ခွင့် ပေးရန်နှင့် ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နှင့်
ဦးခွန်ထွန်းဦးအပါအ၀င် နိုင်ငံရေး အကျဉ်းသား များအားလုံးကို
ချွင်းချက်မရှိလွှတ်ပေးရန်တို့ တောင်းဆိုထားသည်။
လွန်ခဲ့သည့်လကုန်ပိုင်းက ဧရာဝတီတိုင်းဘိုကလေးမြို့နယ် အဲန်အယ်လ်ဒီမှလည်း
အဲန်အယ်လ်ဒီဗဟို သို့ လက် ရှိပြဿနာများကို ပြတ်သားစွာကိုင်တွယ်၍
ရဲဝံ့စွာဦးဆောင်သွားရန် တိုက်တွန်းခဲ့သည်။
|