တွေ့ဆုံဆွေးနွေး အဖြေရှာရန် ၈၈ ကျောင်းသားခေါင်းဆောင်တောင်းဆို

ခွန်အောင်မြတ်။
စက်တင်ဘာလ ၇ ရက်၊ ၂၀၀၇ ခုနှစ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များက အကြမ်းဖက်မှုများ မတိုးပွားစေရန်အတွက် ဖြစ်ပေါ်နေသည့် ပြဿ နာများကို “မိသားစုသဖွယ်” ဖြေရှင်းသွားကြရန် တောင်းဆိုလိုက်သည်။

သြဂုတ်လလည်က ရုတ်တရက် လောင်စာဆီဈေးနှုန်းများကို ၅ ဆအထိ တိုးမြှင့်ပြီးနောက်ပိုင်း ဆက်တိုက်ဖြစ် ပေါ်နေသည့်ပြဿနာများသည် မိသားစု ပြဿနာသာဖြစ်သည်ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်သူ ကိုလှမျိုးနောင်က ပြောသည်။

“ကျနော်တို့ ဒါဟာမိသားစုပြဿနာလို့ပဲမြင်တယ်။ မိသားစုပြဿနာကို မိသားစုအတွင်းမှာပဲ ဖြေရှင်း ချင်တယ်။ အဲဒါကို ကျနော်တို့ကို ဟိုအားကိုး ဒီအားကိုးတယ်ဆိုပြီးတော့ စွပ်စွဲပုတ်ခတ်ပြီးတော့ ကျ နော်တို့မိဘပြည်သူတွေ အထင်မြင်လွဲမှားအောင် ပြောနေတဲ့ကိစ္စတွေကို ရပ်တန်းကရပ်လိုက်ပါ။ အဲဒါ တွေက ရေရှည်မှာ အကျိုးရှိလာမှာ မဟုတ်ဘူး။”

သို့သော်လည်း ယခုဖြစ်ပွားနေသည့် ပဋိပက္ခများ ပို၍ မကြီးထွားလာစေရန်နှင့် အကြမ်းဖက် ဖမ်းဆီးမှုများကို ရပ် တန့်စေရန်အတွက် ကုလသမဂ္ဂက ၀င်ရောက်ဖြေရှင်းပေးရန် အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းထံ လိပ်မူ ပြီး ယမန်နေ့ နေ့စွဲဖြင့် ၈၈ မျိုးဆက်ကျောင်းသားများက စာရေးတောင်းဆိုခဲ့သည်။

အကြမ်းဖက်မှုများ ပို၍ ကြီးထွားလာပါက မလိုလားအပ်သည့် အကျိုးဆက်များ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြောင်း၊ ယခုရက်ပိုင်းအတွင်း ပခုက္ကူမြို့တွင် သံဃာနှင့် အာဏာပိုင်များကြား ဖြစ်ပွားသည့် ပြဿနာသည် ဘာသာနှင့် သာသနာကို မထေမဲ့မြင်ပြုလာသည်နှင့် တူသည့်အတွက် ပြည်သူတရပ်လုံး လက်ခံနိုင်မည်မဟုတ်ကြောင်း နှင့် မကောင်းသည့် အကျိုးဆက်များ  ဆက်လက်ဖြစ်ပွားမည်ကို မလိုလားကြောင်း ကျောင်းသားခေါင်းဆောင် ကိုလှ မျိုးနောင်က ပြောသည်။

“ဒါကို လက်ရှိ အာဏာပိုင် အစိုးရအနေနဲ့ လက်မခံဘူးဟေ့ဆိုရင်၊ အခုလိုမျိုး အကြမ်းဖက်မှုတွေ ဖိနှိပ် မှုတွေ ဆက်လုပ်နေမယ်ဟေ့ ဆိုရင် ပြည်သူလူထုနဲ့ကော ရဟန်းသံဃာနဲ့ကော အုပ်ချုပ်သူ အစိုးရနဲ့ ကြားမှာ ဒီထက်ပိုပြီးတော့ ပဋိပက္ခတွေ ကြီးမားလာလိမ့်မယ်၊ ပေါက်ကွဲမှုတွေ ဖြစ်လာလိမ့်မယ်။ ကျနော်တို့က အဲဒီဟာတွေကို ရည်ရွယ်ပြီး သွားနေတာ မဟုတ်ဘူး။ ကျနော်တို့က ပြေပြေလည်လည် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စေ့စပ် ဆွေးနွေးပြီးတော့ ညှိနှိုင်းအဖြေရှာချင်တဲ့ သဘောပါပဲ။”

မြန်မာစစ်အစိုးရထုတ်သတင်းစာများထဲတွင် ၈၈ မျိုးဆက်ကျောင်းသားများသည် လောင်စာဆီ ဈေးနှုန်းမြှင့်မှုကို ခုတုန်းလုပ် အခွင့်အကောင်းယူပြီး နိုင်ငံတော်ဆူပူအုံကြွမှုကြီး ဖြစ်ပေါ်လာစေရန် ဆန္ဒပြမှုကို ဦးဆောင်လုပ်ခြင်း ဖြစ်ပြီး အနောက်နိုင်ငံကို အားကိုးသည့် ပုဆိန်ရိုးများဖြစ်သည်ဟု သတင်း၊ ဆောင်းပါးများဖြင့် နေ့စဉ်ဆက်တိုက် ဖော်ပြနေသည်။

အနောက်နိုင်ငံများကို အားကိုးနေသည်ဆိုသည့် စွပ်စွဲချက်ကို ကျောင်းသားခေါင်းဆောင်များက ငြင်းဆိုသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ ကိုကိုကြီး။ ကိုမင်းဇေယျ အပါအ၀င် ၁၃ ဦးကို မြန်မာစစ်အစိုး ရက သြဂုတ်လ ၂၂ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သော်လည်း ကိုဌေးကြွယ်နှင့် ကိုလှမျိုးနောင် အပါအ၀င် အနည်းဆုံး ကျောင်းသားခေါင်းဆောင် ၃ ဦး တိမ်းရှောင်လွတ်မြောက်နေဆဲဖြစ်သည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။