KIO ဒု-ဥက္ကဌ အပါအ၀င် ခေါင်းဆောင်အချို့နုတ်ထွက်

ဇော်ကြီး။
စက်တင်ဘာလ ၇ ရက်၊ ၂၀၀၉ ခုနှစ်။

ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ KIO မှ ဒု-ဥက္ကဌဖြစ်သူ ဒေါက်တာတူးဂျာ အပါအ၀င် အဆင့်မြင့်အရာရှိ (၅) ဦး စနေနေ့က အဖွဲ့မှ တရားဝင်နုတ်ထွက်လိုက်သည်။

၎င်းတို့သည် လွန်ခဲ့သည့် စနေနေ့က KIO ဌာနချုပ် လိုင်ဇာမြို့တွင်ပြုလုပ်ခဲ့သည့် လူထု အစည်းအဝေးတွင် တ ရားဝင်နုတ်ထွက်ခွင့်ပေးခဲ့ခြင်းဖြစ်သည်ဟု အဖွဲ့မှနုတ်ထွက်ခဲ့သူ ဒေါက်တာတူးဂျာကယခုလိုပြောသည်။

“ကျနော်တို့က မြို့ပေါ်ထွက်ပြီးတော့မှ မြို့ပေါ်နိုင်ငံရေးကို လွတ်လွတ်လပ်လပ်လုပ်ချင်လို့ ကျနော်တို့ ထွက်ခွင့်တောင်းတာပါ။ အဲတာကိုလူကြီးတွေက လက်ခံပေးတာပေါ့လေ။ လူကြီး တွေလက်ခံပေးပြီး ခွင့်ပြုတာပေါ့။အဲတာ ထုတ်ပယ်လိုက်တဲ့ သဘောမျိုး မဟုတ်ဘူးဗျ။”

အဖွဲ့မှ နုတ်ထွက်ခဲ့သူ (၅) ဦးမှာ ဒု-ဥက္ကဌ ဒေါက်တာတူးဂျာ၊ဒု-အတွင်းရေးမှူး အင်ဂျာနော်ရစ်၊ ဦးမွန်ခေါင်၊ ဦး ဇော်ဖန်း၊ ဦးစဘော်ဂမ်တို့ဖြစ်သည်။

၎င်းတို့အနေနှင့်  သီးခြားပါတီတစ်ခုထူထောင်ရန် ရည်ရွယ်၍ နုတ်ထွက်ခဲ့ခြင်းမဟုတ်ဘဲ ယမန်နှစ် ဇွန်လ ၂၀ ရက်နေ့က ဖွဲ့စည်းခဲ့သည့် ကချင်ပြည်နယ်အသွင်ကူးပြောင်းရေးကာလ နိုင်ငံရေးအမှုဆောင်အဖွဲ့၏ လုပ်ငန်းစဉ် များအား ဆက်လက်ဆောင်ရွက်နိုင်ရန် ယခုလို နုတ်ထွက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

စနေနေ့ကပြုလုပ်ခဲ့သည့် လူထုအစည်းအဝေးတွင် KIO ဗဟိုကော်မတီအပါအ၀င် ကချင်ပြည်နယ် ဒေသအသီး သီးမှ လူထုကိုယ်စားလှယ် ၃၀၀ ကျော်တက်ရောက်ခဲ့သည်။

ယင်းလူထုအစည်းအဝေးက မြန်မာစစ်အစိုးရက KIO အားနယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနှင့် ပတ်သက်၍ တွန်း အားပေးလာသည့်အပေါ် အစည်းဝေးတက်ရောက်သူအများစုမှ ငြိမ်းချမ်းရေး ကိုဆက်လက်ထိမ်းသိန်းထားလိုပြီး စစ်ရေးအရ အကြမ်းဖက်ဖြေရှင်းခြင်းကို မလိုလားကြောင်း ဆုံးဖြတ်ခဲ့ကြပြီး “အဓိကလိုလား ချက်ကတော့ ၂၀၁၀ ရွေးကောက်ပွဲပြီးမှသာ အသွင်ကူးပြောင်းရေးကို အပြီးသတ်ညှိနိုင်းဆွေးနွေးသွားချင်တယ်ပေါ့ လေ။” ဟု ဒေါက်တာတူးဂျာကပြောသည်။

စစ်ဖက်ရေးရာအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်နှင့် KIOကိုယ်စားလှယ်အဖွဲ့တို့ နယ်ခြားစောင့် တပ်ဖွဲ့စည်းရေး ကိစ္စဆွေးနွေးရန်အတွက် မြစ်ကြီးနားမြို့၌ ယမန်နေ့က တွေ့ဆုံရန်ရှိသော်လည်း မတွေ့ဆုံဖြစ်သေးဘဲ ရက်ရွှေ့ ဆိုင်းလိုက်ရသည်။

စစ်အစိုးရမှ အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ်ဖွဲ့စည်းရန်လွန်ခဲ့သည့်ဧပြီလ(၂၈) ရက်နေ့က ကမ်းလှမ်း ပြောဆိုခဲ့ပြီးနောက်ပိုင်း KIOနှင့် စစ်အစိုးရတို့ကြား ၇ ကြိမ်မြောက် တွေ့ဆုံခဲ့ပြီးယခုထပ်မံဆွေးနွေးရန် စစ်အစိုးရ တာဝန်ရှိသူက  ဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် မြန်မာစစ်အစိုးရတို့ကြားအပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးကို ၁၉၉၄ ခုနှစ်က ပြုလုပ်ခဲ့သည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။