ရိက္ခာ ပုံမှန်မရ၍ ကြေးကွင်းပတ် ကယန်းမိသားစုများ အခက်ကြုံနေရ

အောင်မိုးမြင့်။
ဇန္န၀ါရီလ ၈ ရက်၊ ၂၀၀၈ ခုနှစ်။

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့မြောက်ဖက် ဟွေ့ပူကဲကျေးရွာသို့ ပြောင်းရွေ့နေထိုင်ခဲ့ကြသည့် ပဒေါင်ခေါ် ကြေးကွင်းပတ် ကယန်း မိသားစု ၃၀ ကျော်သည် အချိန်မီ ထောက်ပံ့မှုမရရှိ၍ နေထိုင်စားသောက်ရေးနှင့် ကျန်း မာရေးများ အခက်ခဲများ ကြုံတွေ့နေရသည်။

ယင်းအခြေအနေကို ပြောင်းရွှေ့လာသူ ကြေးကွင်းပတ် အမျိုးသမီးတစ်ဦးက ယခုလို ပြောသည်။

ပြီးခဲ့တဲ့ ငါးရက်နေ့ဆို အဲ့ဒီနောက်ဆုံး ဆန်သုံးလပြည့်ပြီးဆို ဆန်လာပေးရမှာပေါ့နော်၊ အရင်ကဆို နှစ်ခေါက်ပေးပြီး၊ နောက်အခုက တစ်လကျန်သေးတယ်ပေါ့။ ဘာဖြစ်လဲဆို ငါးရက်နေ့တည်းက လာမ ပေးတာ အခုက ရှစ်ရက်နေ့ရှိပြီး သုံးရက်ကျော်သွားပြီးပေါ့။ လာမပေးသေးဘူး။ နောက် ကုန်လည်း ကုန်ပြီး ဆန်ဒီလလည်းနောက်ဆုံး လာလည်းမပေးသေးဘူး နောက် ဆက်လည်းဘယ်လို နေထိုင်ရ တော့မလဲမသိသေးဘူး။ အဲ့ဒါ အခက်ခဲတွေ အမျိုးမျိုးကြုံရတယ် အဲ့မှာရောက်ဆို။ တစ်ချို့လူဆို ငှက်ဖျားရောဂါလည်းရတယ်၊ ပြီးတော့ တခြားရောဂါရော ကလေးတွေ ဆေးရုံမှာသွားရတာ။ ပိုက်ဆံ လည်း ကိုယ်ပါတဲ့ပိုက်ဆံလည်း အကုန်လုံးထုတ်ရတယ်။ ဘာဖြစ်ဆို ၀င်ငွေမှမရှိတာ ထွက်တာပဲရှိတော့ အဲ့မှာ အခု ဒုက္ခရောက် စိတ်ဓါတ်ကျကုန်ပြီပေါ့။

မယ်ဟောင်ဆောင်မြို့နယ်အတွင်းရှိ ကြေးကွင်းပတ်ကယန်းရွာများဖြစ်သော ကယန်းသာယာရွာ၊ ဟွေ့စူးထောက် ရွာ၊ ဟွေ့ပူကဲရွာ သုံးရွာတွင် မိသားစုဝင်ပေါင်း ခြောက်ရာခန့် ရှိပြီး တစ်ရွာ တည်းတွင်နေထိုင်ရန်အတွက် ထိုင်း အာဏာပိုင်များက ပြောင်းရွှေ့ခိုင်းခဲ့၍ ပြီးခဲ့သည့်နှစ် စက်တင်ဘာလပိုင်းက ပြောင်းရွေ့လာခဲ့ကြခြင်းဖြစ်သည်။

ဟွေ့ပူကဲရွာသို့ ရောက်ရှိပြီးနောက် ထိုင်းအာဏာပိုင်များက မိမိကိုယ်ကို ရပ်တည်နေထိုင်သွားကြရန်နှင့် ကြား ကာလ အတွက် သုံးလစာ ဆန်ထုတ်ပေးသွားမည်ဟု ပြောဆိုခဲ့သည်။

၎င်းသုံးလအတွင်းတွင်လည်း ဟွေ့ပူကဲရွာသို့ သွားလာသည့် လမ်းများကောင်းမွန်အောင် ပြုပြင်ပေးပြီး နိုင်ငံ ခြားသား ဧည့်သည်များ လာရောက်လည်ပတ်နိုင်အောင် စီစဉ်ဆောင်ရွက်ပေးမည်ဟု ပြောဆိုခဲ့သော်လည်း ယခု ချိန်ထိ ပြောင်းလဲမှုမရှိဟု ဆက်လက်ပြောသည်။

ထိုနေရာသို့ ပြောင်းရွှေ့ပါက တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးမည်ဟု ပြောခဲ့ကြောင်းလည်း ကြေး ကွင်းပတ် အမျိုးသမီးတစ်ဦးက ဆက်လက်ပြောသည်။

မပြောင်းခင်မှာ သူတို့ဆို ပြောင်းမှာဆို ဟိုမှာဆို ကောင်းတယ်ပေါ့နော့်၊ အမျိုးမျိုးတွေ ပိုတိုးတက်မယ် ပေါ့ အနာဂတ်အတွက် သူတို့ပြောတာ၊ သားသမီးတွေ အတွက်ကိုပဲ အရင်ဆုံးစဉ်းစားပေးပါ ဟိုမှာ ပြောင်းရင်။ စီးပွားရေးဆိုဘာလဲ ပိုပြီးအဆင်ပြေလာမယ်။ ဧည့်သည်လည်း ဟိုမှာပဲသွားမယ်တဲ့။ ပြီး တော့ ပြောင်းပြီးတဲ့နောက်မှာဆိုရင် လမ်းတွေဆို ကောင်းကောင်းလေပြင်ပေးမယ်။ လမ်းတွေကောင်း စေရမယ် ပြီးတော့ တံတားတွေဆောက်မယ်။ အရင်ကဆို သူတို့ပြောတာ အန်ဂျီအိုပေါ့ ဟို တီဘီဘီစီ ကနေ ထောက်ပံ့ပေးမယ်။ ဒုက္ခသည်လိုမျိုးပေါ့ ထောက်ပံ့ပေးမယ်။ ကိုယ့်ဟာကို စီးပွားရေး ဒီလိုမျိုး သုံးလတစ်ကြိမ် ဖြစ်ဖြစ်ပေါ့နော့် ထောက်ပံ့ပေးမယ် အဲ့လိုမျိုးပြောတယ်ပေါ့။ ဒါပေမဲ့ ဒီပြောင်းပြီးတဲ့ နောက်မှာ သူတို့ပြောတယ် ဒုက္ခသည်မဟုတ်ဘူးဆိုတော့ ဒုက္ခသည်လိုမျိုးထောက်ပံ့လို့ မကောင်းဘူး ဆိုပြီးတော့ သူတို့ ပြန်ပြောင်းတာပေါ့တဲ့။

ယခုလိုမပြောင်းရွှေ့ခင်က နိုင်ငံခြားသား ဧည့်သည်များထံမှ ကောက်ခံပြီး ရရှိလာသည့်ငွေနှင့် တစ်ဦးကို ၁၅၀၀ ဘတ် ပြန်လည်ထောက်ပံ့မှုရရှိခဲ့သော်လည်း ယခုပြောင်းရွေ့ရောက်ရှိသည့်နေရာသည် ဧည့်သည်များရောက် ရှိခြင်းမရှိပဲ ထောက်ပံ့မှုများလည်းမရရှိဟုပြောသည်။

ပြောင်းရွေ့နေရာချပေးထားသည့်နေရာသည် ဟွေ့ပူကဲရွာတွင် မဟုတ်ဘဲ ၄င်းရွာမှ ဆယ်မိနစ်ခန့် ထပ်မံလမ်း လျှောက်သွား ရသဖြင့် လာရောက်မည့်သူများမသိကြဟု ပြောသည်။

ယင်းသတင်းနှင့် ပတ်သက်၍ ထိုင်းအာဏာပိုင်များကို ဆက်သွယ်မေးမြန်းရာ မအားလပ်၍ ပြန်လည်ဖြေကြား ခြင်းမရှိပေ။

ယခုအခါ ဟွေ့ပူကဲရွာတွင် ကြေးကွင်းပတ် ကယန်း မိသားစု ၃၄ စုနေထိုင်လျှက်ရှိပြီး လူဦးရေ ၈၉ ဦး ရှိသည်။

မယ်ဟောင်ဆောင်ဒေသရှိ ပဒေါင်ခေါ် ကြေးကွင်းပတ် ကယန်းလူမျိုးတို့ကို စိတ်ဝင်စား၍ ယခင်က နှစ်စဉ် နိုင်ငံ ခြားခရီးသည်များ အများအပြားလာ ရောက်လေ့ရှိသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။