ကရင်တပ်မဟာ ၆ နယ်မြေထိုးစစ်ဆင် / ရွာသား ၂၀၀ ခန့်နယ်စပ်သို့ထွက်ပြေးတိမ်းရှောင်

မတ်လ ၈ ရက်၊ ၂၀၀၇ ခုနှစ်။

ထိုင်း-မြန်မာနယ်စပ် ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ) ထိန်းချုပ်ရာ ဒေသကို မြန်မာစစ်တပ် နှင့် ကရင်ဗုဒ္ဓဘာသာ တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ရွာသား ၂၀၀ ခန့် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေး လာကြသည်။

ကေအဲန်ယူ အဖွဲ့ စည်းရုံးရေးနှင့် ပြန်ကြားရေးဌာနမှ အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေက ရွာသုံးရွာမှ ရွာသူ ရွာသားများ ကစဥ့် ကလျား ထွက်ပြေးခဲ့ကြရသည်ဟု ပြောသည်။

“ရုပ်ပျက် ဆင်းပျက် ဖြစ်တယ် ဆိုတာက လူထုပေါ့ဗျာ၊ အဲဒီ ခွင်တွေမှာတော့ လူထုတွေလည်း နေကြ တာကိုး၊ လယ်တွေ ဘာတွေ ထွန်ကြ တယ်၊ ကျနော် သိရသလောက် ကတော့ အဲမှာ ရွာနှစ်ရွာ သုံးရွာ ရှိတယ်ဗျ၊ အခု ထွက်ပြေးလာတဲ့ ရွာတွေက ခလယ်လော်ဆယ်။ ကလော်ဝေါ်။ ဖောဘူးလာထ ဆိုတဲ့ အဲဒီရွာတွေက ရွာသားတွေက ထွက်ပြေး လာကြတဲ့ အခါကျတော့ အဲလို ကစဥ့်ကလျားတွေ ဖြစ်မှာ ပေါ့ဗျာ၊”

ကရင်ဒုက္ခသည် ၁၃၀ ကျော်သည် ထိုင်းနိုင်ငံဘက်မှ အုန်းဖျန်မြို့နယ် မယ်ခေါင်ခီး ကျေးရွာ တွင် ခေတ္တ ၀င်ရောက် ခိုလှုံကြပြီး ကျန်သူများမှာ ကစဥ့်ကလျား ဖြစ်ပြီး နီးစပ်ရာ ဆွေမျိုး ထံ ခိုလှုံနေကြကြောင်း ထိုင်း ရုပ်မြင်သံကြားမှ ထုတ်လွှင့်ခဲ့သည်။

ထွက်ပြေး လာသူများသည် အမျိုးသမီးနဲ့ ကလေးတွေ အများစုဖြစ်ကြပြီး။ ဖျားနာ ဒဏ်ရာရသူများ မရှိပဲ ထိုင်းဒေသခံ အာဏာ ပိုင် များက စောင့်ရှောက်ထားသည်။

ကေအဲန်ယူက ဗိုလ်မှူး စောလှငွေက တိုက်ပွဲ အခြေအနေကို ယခုလိုပြောပြသည်။

“မနေ့ကနေပြီးတော့ စတာပေါ့၊ ဒီမနက်အထိပေါ့ အခုထိပေါ့ဗျာ၊ ပစ်တာကတော့ နယ်ဒါးရဲ့ (၂၀၁)ကို လာပစ်တာ ပါ၊ ဒီက ခုခံပြီးတော့ ဆုတ်ဆုတ်တာတော့ ရှိတာပေါ့၊ ကျနော် သိရ သလောက် ကတော့ ရုပ်ပျက် ဆင်းပျက်ကြီးတော့ မဟုတ်ပါဘူး၊ ခုခံစစ်အနေနဲ့ ဆုတ်ပေး ပြီးတော့။ ချဲ့ပြီး ဗုံးထောင်ထား တာနဲ့ ခံပစ်တာတချို့၊ အခု တိုက်ပွဲ ဖြစ်နေတုန်း ပဲလို့ ပြော တာပဲ၊”

ယမန်နေ့က တိုက်ပွဲတွင် မြန်မာအစိုးရနှင့် ပူးပေါင်းထားသော ဒီကေဘီအေ ဖက်မှ ဗိုလ်လဲပွယ်(ခေါ်) ဗိုက်မှူး နှုတ်ခမ်းမွေး ဦးဆောင်သည့် တပ်ရင်း ၉၀၇ အင်အား ၂၀ခန့်က တိုက်ခိုက် လာခြင်းဖြစ်ပြီး လက်နက်ငယ် ပစ်ခတ်မှုများ ရှိနေကာ နှစ်ဖက် ထိခိုက် ဒဏ်ရာရမှု အတိအကျ မသိသေးကြောင်း ဗိုလ်မှူး စောလှငွေက ပြောသည်။

ကေအဲန်ယူ ထိန်းချုပ်ရာ နေရာဖြစ်သည့် တပ်မဟာ(၆) ဒူးပလာယာ ခရိုင်အတွင်းရှိ ကွယ်လွန် သွားပြီ ဖြစ်သော ကရင်ခေါင်း ဆောင် ဖြစ်သည့် ဗိုလ်ချုပ်ကြီး စောဘိုမြ ၏သား နယ်ဒါမြ ဦးဆောင်သော တပ်ရင်း ၂၀၁ နယ်မြေကို ဒီကေဘီအေနှင့် မြန်မာ စစ်တပ်ပူးပေါင်းပြီး ယမန်နေ့ ညမှစ၍ ထိုးစစ်ဆင် တိုက်ခိုက် ခဲ့ခြင်း ဖြစ်သည်။

မကြာသေးမီက ကေအဲန်ယူ တပ်မဟာ ၇ မှူး ဗိုလ်မှူးချုပ် ထိန်မောင် ငြိမ်းချမ်းရေး လုပ်စဉ်က ဗိုလ်မှူး နယ်ဒါးမြ လည်း လိုက်ပါ သွားမည်ဟု တွက်ချက်မှု များ ရှိခဲ့သည်၊

ကေအဲန်ယူမှ သီးခြားခွဲထွက်၍ မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်မှုကို ဗိုလ်မှူး နယ်ဒါးမြ အပါအ၀င် ဗိုလ်ချုပ်ကြီး စောဘိုမြ၏ မိသားစု ၀င်အားလုံးက ငြင်းဆိုခဲ့ကြသည်။

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။