|
သံလွင်ရေကာတာစီမံကိန်းများ ရပ်တန့်ရန် မွန်လူငယ်အဖွဲ့ တောင်းဆို
သတင်းနှင့်မီဒီယာကွန်ယက်။
မေလ(၈) ရက်၊ ၂၀၀၇ ခုနှစ်။
သံလွင်မြစ်အထက်ပိုင်းတွင် ရေကာတာများ တည်ဆောက်လိုက်ပါက မြစ်ဝတွင်နေထိုင်ကြ
သည့် ဒေသခံပြည် သူ ၅သိန်းကျော်၏ အခွင့်အရေးများ
နစ်နာဆုံးရှုံးသွားမည်ဖြစ်သဖြင့် ရေကာတာတည်ဆောက်မှု စီမံကိန်းများ ရပ်တန့်ရန်
မွန်လူငယ် အဖွဲ့တဖွဲ့က ယနေ့ တောင်းဆိုလိုက်သည်။
တိုးတက်သောမွန်လူငယ်များအစည်းအရုံး (Mon
Youth Progressive Organization) က
“တိမ်းစောင်းမခံနိုင်သော မျှခြေ” (In The Balance)
အမည်ရှိ
အစီရင်ခံစာကို ထုတ်ပြန်သော သတင်းစာ ရှင်းလင်းပွဲတွင် ယခုကဲ့သို့
တောင်းဆိုခြင်း ဖြစ်သည်။
“အဓိကရည်ရွယ်ချက်ကတော့ ဒီရင်းနှီးမြုပ်နှံမှုထဲမှာ ပါဝင်တဲ့ အဖွဲ့အစည်းအားလုံး၊
ဒီရေကာတာ စီမံ ကိန်းကို ရပ်တန်းက ရပ်ပါ။ ပြီးရင် ဒီသံလွင်မြစ်တလျှောက်မှာ
နေထိုင်တဲ့ ပြည်သူအတွက် အသင့် လျှော်ဆုံး၊ ထိခိုက်မှု အနည်းဆုံး
ဖွံ့ဖြိုးရေးစီမံကိန်းကို ဦးစားပေးပြီး လုပ်စေချင်ပါတယ်။ ပြီးရင် ဒီနိုင်ငံတကာ
လူ့အဖွဲ့အစည်း ကိုလည်း သံလွင်မြစ်တလျှောက် မှာရှိတဲ့ လူထုတွေ
သူတို့ဒီသံလွင်မြစ်ကို ဘယ်လိုမှီခိုပြီး နေထိုင်နေရတယ်၊ သူတို့ရဲ့ နေ့စဉ် ဘ၀၊
ဒါတွေကို နားလည်ပေးပြီးတော့ ဒီသံလွင်မြစ် ရေကာတာကို ရပ်တန့်ဖို့ တောင်းဆိုချင်
ပါတယ်။”ဟု မွန်လူငယ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ချမ်းအောင်း ပြောသည်။
မွန်လူငယ်အဖွဲ့က
သံလွင်မြစ်ဝရှိ မြို့နယ် ၅ မြို့နယ်မှ ကျေးရွာပေါင်း ၁၀၀ ကျော်ကို
စစ်တမ်းကောက်ယူခဲ့ပြီး ဒေသခံရွာသား ၃၄ ဦးကို တွေ့ဆုံမေးမြန်းကာ
ယင်းအစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ၄င်းကပြော သည်။
ရေကာတာစီမံကိန်းများ
တည်ဆောက်ဖြစ်လျှင် ကပ္ပလီပင်လယ်တွင်းမှ ရေငန်များတိုးဝင် လာမည်ဖြစ်၍ လယ်
ယာစိုက်ပျိုးရေးလုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းများ ထိခိုက်ပျက်စီးမည့်အပြင်
ဒေသခံလူထုအတွက် သောက်သုံးရန် ရေအခက်အခဲများ တွေ့ကြုံနိုင်ကြောင်းနှင့် ဘားအံ၊
ပေါင်မြို့၊ ချောင်းဆုံ၊ မော်လမြိုင်နှင့် ကျိုက်မရောမြို့နယ်တို့မှ ဒေသခံ
ပြည်သူ ၅၃၄၄၆၅ ကို ထိခိုက်နိုင်မည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖေါ်ပြထား သည်။
ရေကာတာများမှ ရရှိသည့်
အကျိုးအမြတ်ကို ပြည်သူလူထုများ ခံစားခွင့်မရဘဲ မြန်မာစစ်အစိုးရအပါအ၀င် ၎င်းနှင့်
ပူးပေါင်းလုပ်ဆောင်သည့် ပြည်ပနိုင်ငံများဖြစ်သည့် ထိုင်းနှင့်
တရုတ်နိုင်ငံများသာ ရရှိနိုင်မည်ဖြစ်သည်ဟု နိုင်ချမ်း အောင်း က ဆက်လက်ပြောသည်။
ကယားပြည်နယ်မှ
လောပိတရေအားလျှပ်စစ်စက်ရုံနှင့် မိုးဗြဲရေကာတာ တည်ဆောက်စဉ်က ဖြစ်ပွားခဲ့သော
လူ့အခွင့်အရေးချိုးဖေါက်မှု နှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများကဲ့သို့
သံလွင်ရေကာတာများက ဒေသခံ ပြည်သူများကို ထိခိုက်စေနိုင်သည်ဟု ကရင်နီဖွံ့ဖြိုးရေး
သုတေသနအဖွဲ့ (Karenni Development
Research Group)
မှ ကိုအောင်ငဲက
ထောက်ပြ သည်။
မိုးဗြဲရေကာတာတည်ဆောက်မှုကြောင့် ကယားပြည်နယ်တွင် လူ (၈၀၀၀) သည်
ရေလွှမ်းမိုးမှုကို ခံစားခဲ့ကြရပြီး စိုက်ပျိုးမြေများနှင့် သစ်တောဧရိယာ
အမြောက်အများ ရေအောက်သို့ နှစ်မြုပ်ခဲ့သည်ဟု ၂၀၀၆ ခုနှစ်တွင်
ကရင်နီဖွံ့ဖြိုးရေးသုတေသနအဖွဲ့ မှ ထုတ်ဝေသည့် “စစ်ဗိုလ်ချုပ်များ၏ရေကာတာ”
အမည်ရှိသော အစီရင် ခံစာ၌ ဖေါ်ပြထားသည်။
မြန်မာအစိုးရသည်
ပြည်ပနိုင်ငံများနှင့် ပူးပေါင်း၍ ရှမ်း၊ ကယား(ကရင်နီ)နှင့် ကရင်ပြည်နယ်ရှိ
သံလွင်မြစ် အတွင်းတွင် ရေကာတာ ၅ ခု တည်ဆောက်ရန် စီမံကိန်းရေးဆွဲထားပြီး
လောလောဆယ်တွင် ရှမ်းပြည်နယ်ရှိ တာဆန်းရေကာတာကို အကောင်အထည်ဖေါ် ဆောင်ရွက်
လျှက်ရှိသည်။
|