ရေကာတာတည်ဆောက်မှုကြောင့် ယင်းတလဲ မျိုးနွယ်စု ကွယ်ပျောက်သွားနိုင်

နွယ်လေး။
မေလ ၈ ရက်၊ ၂၀၀၈ ခုနှစ်။

မြန်မာစစ်အစိုးရ သံလွင်မြစ်ကြောင်းတလျှောက် တည်ဆောက်မည့် ရေကာတာများကြောင့် ကယားပြည်နယ် အ တွင်းမှ  ယင်းတလဲမျိုးနွယ်စုများ ပျောက်ကွယ်သွားနိုင်ကြောင်း ကရင်နီဖွံ့ဖြိုးရေး သုတေသနအဖွဲ့ (ကေဒီအာဂျီ) က ပြောသည်။

သံလွင်မြစ်ကြောင်းတလျှောက် ရေကာတာတည် ဆောက်ခြင်းအားဖြင့် ရေလွှမ်းမိုးမှု နှင့် ကျေးရွာများ ရွေ့ပြောင်း ခံရပြီး မြစ်ကြောင်း တလျှောက်ရှိ သိန်းနှင့်ချီသော ပြည်သူများ အိုးအိမ်မဲ့ဖြစ်ကာ  ထိုင်းနိုင်ငံသို့  ဒုက္ခသည် များ သောင်းနှင့်ချီ၍ ၀င်ရောက်လာနိုင်သည်ဟု ခန့်မှန်းထားသည် ။

ယင်းတလဲ လူမျိုးနွယ်စုများ တိမ်ကောပပျောက်သွားခြင်းမှ လွှတ်မြောက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကရင်နီ ဖွံ့ဖြိုးရေးသုတေသနအဖွဲ့(ကေဒီအာဂျီ)မှ တတ်နိုင်သမျှ စည်းရုံး လှုံ့ဆော်မှုများ ပြုလုပ်သွားမည်ဟု ပြောသည်။

ကရင်နီပြည်နယ်ရှိ ၀ဲကြီးဆည်တည်ဆောက်ရာဒေသတွင် နေထိုင်သော ကျေးရွာသုံးရွာရှိ ယင်းတလဲလူမျိုးများ ရင်ဆိုင်ရသည့် အခက်ခဲများကို မှတ်တမ်းတင်ထားသော ဗွီဒီယို စီဒီခွေတွင်  ကရင်နီဖွံ့ဖြိုးရေးသုတေသနအဖွဲ့က ယခုကဲ့သို့ တင်ပြထားသည်။

“၀ဲကြီးဆည်ဆောက်တော့ ရွာပေါင်း၂၀ကျော်နဲ့ လယ်ယာမြေတွေရေမြုပ်ကုန်တယ်။ အစိုးရဆီ ကလဲ ဘာလျော်ကြေးမှမရဘူး။ ဆည်ပိတ်လို့ရေတက်တာလည်း မသိလို့ပြေးရတယ်။ ဆည်ပိတ် တော့ ရေ လည်း ကောင်းကောင်းမစီးတော့ အနံသက်လည်း မကောင်းဘူး။ သုံးဖို့ရေကို ရေတွင်းတူး သုံးရ တယ်။ လျှပ်စစ်ဓါတ်အားပေးစက်ရုံက ရွာနဲ့နီးနီးလေးပဲ။ ဒါပေမယ့် ရွာမှာလျှပ်စစ်မီးမရဘုး။”

အထက်သံလွင်ဆည်၊ တာဆန်းဆည်၊ ၀ဲကြီးဆည်၊ ဒါးကွင်းဆည်၊ ဟတ်ကြီးဆည် စသည့် ရေကာတာများ တည် ဆောက်ရန် မြန်မာစစ်အစိုးရက တရုတ်၊ထိုင်းကုမ္ပဏီတို့နှင့် ပူးပေါင်း တည်ဆောက်ရန် ၁၉၉၄ ခုနှစ်မှ စတင် ခဲ့သည်။

ကေဒီအာဂျီ အဖွဲ့မှ တာဝန်ရှိသူ ကိုအောင်ငဲကလည်း ဒေသခံများ၏ အခက်ခဲများကို ယခုလို ဖြည့်စွက် ပြောဆို သည်။

“ရေကာတာတည်ဆောက်ဖို့ တပ်ရင်း၃ရင်းထားတယ်။ တပ်တွေထပ်လည်းတိုးလာတော့ စားဝတ်နေ ရေးအတွက် လုပ်ကိုင်စားသောက်ရ ကျပ်တည်းလာတယ်၊ တောင်ယာလုပ်ကိုင် စားသောက်တာမို့ တောသွားရင် သူတို့ခွင့်ပြုချက်ရမှ တောထဲဝင်ရတယ်။ တောင်ယာမှာ အရင်လို ညအိပ်ဖို့မပေးပဲ နေ့ချင်းပြန်လာရမယ်ဆိုတဲ့ စည်းကမ်းချက်ထုတ်ပြီး ရွာသားတွေရဲ့ လွတ်လပ်မှုကိုလည်း ပိတ်ပင် တော့ တောထဲသဘာဝဆေးမြစ်တူးတာ သစ်ဥသစ်ဖုရှာစားဖို့က စ မလွယ်တော့ဘူး။ ဒေသခံတွေ ကိုး ကွယ်တဲ့ ကြီးမားတဲ့ သစ်ပင်တွေခုတ်တယ်။” 

ယင်းတလဲလူမျိုးများသည် ကရင်နီလူမျိုး၏ ရှေးအကျဆုံးလူမျိုးများဖြစ်ပြီး ယခုလူဦးရေ တစ်ထောင်ခန့်သာ ကျန် ရှိသော လူမျိုးစုဖြစ်သည်။

၁၉၆၆ ခုနှစ် မိုးဗြဲဆည်တည်ဆောက်စဉ် စစ်အာဏာပိုင်များက လူထုများဖွံ့ဖြိုးတိုးတက်မှုများ ခံစားရမည်ဟု ပြောခဲ့သော်လည်း လက်တွေ့မှာမူ ဒေသခံလူထုမှာ အကျိုးခံစားခွင့် မရရှိခဲ့ဟု ဒေသခံများက ပြောသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။