မုန်တိုင်းဘေးခံရသူများအား တိုင်းရင်းသား အားလုံးဝိုင်းဝန်းကူညီရန် ကေအဲန်ယူ တိုက်တွန်း

နွယ်လေး။
မေလ ၈ ရက်၊ ၂၀၀၈ ခုနှစ်။

မုန်တိုင်းဘေး ကြုံရသူများကို မြန်မာပြည်သူပြည်သားတိုင်းက တဘက်တလှမ်းမှ ဖြစ်နိုင်သည့်နည်းနှင့် ဒုက္ခများ ကို ပူးပေါင်းဖြေရှင်းကြရန် ကရင်မျိုးသားအစည်းရုံး (ကေအဲန်ယူ)က တိုက်တွန်းလိုက်သည်။

ဟိုင်းကြီးကျွန်းအရှေ့ မိုင်၅၀ခန့်ဝေးသော သဘောင်္ပျက်၊ ဘိုကလေးနှင့် လေယာဉ်ကွေ့ စသောရွာတို့တွင် ၄င်း တို့ ဘာသာရေးအသင်းဖွဲ့များနှင့် နီးစပ်ရာဆွေမျိုးများကို လက်လှမ်းမီ သလောက် တတ်အားသရွေ့ ပံ့ပိုးကူညီ နေသည်ဟု ကေအဲန်ယူ၏ ကြေညာချက်ထဲတွင် ဖော်ပြထားသည်၊

မုန်တိုင်းသတင်းအမှန်ရရန် ဆက်လက် ကြိုးစားနေဆဲ ဖြစ်ကြောင်းကို ကေအဲန်ယူ၏ သတင်းနှင့်ပြန်ကြားရေး ဗိုလ်မှူးစောလှငွေက ယခုလိုပြောသည်၊

“ကျနော်တို့လည်း နည်းလမ်းရှာနေတယ်။ နည်းလမ်းရှာရတဲ့ အကြောင်းရင်းကလဲ ဒီလိုပါ နိုင်ငံ တကာ အကူညီ ပေးမယ်ဆိုတာကို နအဖအစိုးရကပြည်ဝင်ခွင့် ဗီဇာမပေးတာနဲ့ လက်မခံ တာနဲ့မို့ အခြေနေဘယ်လောက်ဆိုးလဲမေးကြည့်တော့ အနေထားက စားစရာလဲမရှိ၊ နေစရာ လဲမရှိ၊ ဆေးဝါး သောက်စရာလဲမရှိဘူး။ နီးစပ်ရာကို မေးတော့ သစ်ပင်အောက်နေရတာတွေ နေ့ညလုံခြုံရေးလည်း မရှိပဲ ပစ်ထားခံရတဲ့ အနေထားတွေမှာ ဘယ်လို အနေထားတွေနဲ့ ဖြစ်နိုင်တဲ့ နည်းလမ်းနဲ့ ကျနော် တို့က ပုဂ္ဂိုလ်၊ လူမျိုးအသင်းဖွဲ့၊ ဘာသာရေးအဖွဲ့စည်း နောက်ဆုံး ဆွေမျိုးနီးစပ်ရာတွေနဲ့ အနည်း ဆုံး ဆက်စပ်မိသမျှနဲ့ လိုက်ပြီးကူညီနိုင်အောင် တိုက်တွန်းနိုးဆော်နေတယ်။ ”

ဒုက္ခသည်များ ကယ်ဆယ်ထားသည့် အသင်းဖွဲ့များနှင့် ဆက်သွယ်ရန် အခက်ခဲရှိကြောင်းကို ၄င်းက ဆက် ပြောသည်။

“လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က စေတနာရှိလို့ တစ်ယောက်ကိုပေးချင်တောင်မှ အစိုးရက လက်မ ခံဘူး၊ သူတို့ကြံ့ဖွံ့ကတဆင့် မပေးရင် ဘယ်လိုမှမရဘူးဆိုရင် သာသနာ အဖွဲ့စည်းတွေ ကိုယ့်ဆွေ မျိုးကိုကူဖို့ တောင်ခက်ခက်ခက် အခြေနေမို့ ဘယ်လောက်အခြေနေဆိုးတယ် ဆိုတာ အချက်လက် ကောက်နေဆဲ ဖြစ်တယ်”

နာဂစ် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ရာ အသေအပျောက် အများဆုံးဖြစ်သည့် ဧရာဝတီ တိုင်း မြစ်ဝကျွန်းပေါ် ဒေသတွင် ကရင်လူမျိုးအများဆုံး နေထိုင်သည့် ဒေသဖြစ်သည်။

မေလ ၂ ရက် သောကြာညက နာဂစ် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် မြန်မာအစိုးရပိုင် မီဒီယာများတွင် တရားဝင်ထုတ်ပြန်ထားသည့် အရေအတွက်မှာ သေဆုံးသူ ၂၂၉၈၀ ဦး၊ ပျောက်ဆုံးသူ ၄၂၁၁၉ ဦး နှင့် ထိခိုက် ဒဏ်ရာရရှိသူ ၁၃၈၃ ဦး ရှိသည်ဟု ကြေညာထားသည်။

မုန်းတိုင်းဒဏ်ကြောင့် ဧရာဝတီတိုင်းတွင် လူပေါင်း သိန်းနှင့်ချီ၍ သေဆုံးသည်ဟု ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံရှိ အမေရိကန် သံရုံးက သတင်းထုတ်ပြန်ထားသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။