အင်တာနက်အသုံးပြုမှု အဆင်မပြေသည့်အတွက် စီးပွားရေးသမားနှင့် ကျောင်းသားများ အခက်တွေ့

ခွန်အောင်မြတ်။
ဇူလိုင် ၈ ရက်၊ ၂ဝဝ၉ ခုနှစ်။

မြန်မာနိုင်ငံမြို့ကြီးများတွင် အင်တာနက်အသုံးပြုရာတွင် အဆင်မပြေမှုနှင့်ကြုံရသည့် အတွက် စီးပွားရေးသမား များနှင့် ကျောင်းသူကျောင်းသားများ အခက်ကြုံနေရသည်ဟု စီးပွားရေးသမားတစ်ဦးက ပြောသည်။

ယခုရက်ပိုင်းအတွင်း ပဲခူးမြို့နယ်၌ အင်တာနက်အသုံးပြုရာတွင် မိမိအီးမေးလ် အကောင့် ဖွင့်မရသလို ဂျီတော့ခ် မက်ဆင်ဂျာ မှ တဆင့် ဆက်သွယ်စကားပြောရန် မရသည့် အခက် အခဲကြောင့် အင်တာနက် သုံးစွဲသူတွေ အဆင်မပြေဖြစ်နေရသည်ဟု ဒေသခံ စီးပွားရေး သမားတစ်ဦးက ယခုလိုပြောသည်။

ကွန်နက်ရှင်က အမြဲတမ်း အယ်ဗား ကျနေတယ်၊ စိတ်ညစ်ရတယ်၊ ကျနော်တို့က လုပ်ငန်း သဘော အရဗျာ စီးပွားရေး ကိစ္စရှိမယ် ကျနော်တို့ လူမှုရေးကိစ္စချိန်းထားတာ ရှိမယ်၊ ပညာရေးကိစ္စတွေရှိမယ်၊ အဲ့လိုမျိုး ချိန်းထားတဲ့အခါ အရေးကြီးတဲ့ အချက်တွေ ချိန်းထားတော့ ချိန်းထားတဲ့ ရက်မှာမှ ကွန်နက် ရှင် မရဘူးဆို ကျနော်တို့က အဆက်အသွယ် ဘယ်လိုမှ လုပ်လို့မရတော့ဘူးပေါ့ဗျာ။

အင်တာနက်စာမျက်နှာမှတဆင့် ပညာသင်ကြားနေသည့် ကျောင်းသူကျောင်းသားများလည်း ယခုကဲ့သို့ အင်တာ နက်အဆင်မပြေမှုကြောင့် အခက်အခဲဖြစ်နေကြသည်ဟု ရန်ကုန်မြို့က ကျောင်းသားတစ်ဦးက ပြောသည်။

ကျနော်တို့ ကျောင်းသူကျောင်းသားတွေအနေနဲ့ကလည်း ဥပမာ ကျနော်တို့ အရေးကြီးတဲ့ တစ်ချို့ သင်ခန်းစာတွေ ဘာတွေက ဒီ ဝက်ဘ်ဆိုက်ဒ်ထဲကနေ ကျနော်တို့ လေ့လာထားတာတွေ ရှိတယ်ဗျာ၊ နောက် တစ်ယောက်နဲ့ တစ်ယောက်ကို ကျနော်တို့ဒီ ချက်တင်ထဲကနေ လှမ်းပြီးတော့ ဒီစာအကြောင်း ဆွေးနွေး တာတွေ ရှိတယ်၊ အဲဒါတွေက အခက်အခဲ ဖြစ်တာပေါ့။

ရန်ကုန်နှင့် မန္တလေးမြို့တွင် အင်တာနက် ပြီးခဲ့သည့် သောကြာ စနေ၊ တနင်္ဂနွေ စသည့် ရက်များအတွင်း၌ အသုံးပြုရတွင် ပိုမိုခက်ခဲလာသည်ဟု ရန်ကုန်မြို့က အင်တာနက် သုံးစွဲသူတစ်ဦးက ပြောသည်။

ကျနော်တို့ ဒီမှာ ပြနာဖြစ်နေတယ် ဒီကွန်နက်ရှင် အောက်တဲ့ပြနာပေါ့၊ ကွန်နက်ရှင် အောက် တဲ့ ပြနာဆိုတော့ ကြာလည်းကြာတယ် အခုကျနော်တို့ ပြည်တွင်း ဂျီတော့ခ် ပြောလို့ သုံးမယ် ဆိုလို့ရှိရင် ဝင်ရတာကိုက တော်တော်ကြာတယ်၊ ပြီးတော့ ဆိုင်းအောက် လုပ်ရင် အလုပ်မခံဘူးဗျ အဲတော့ ဘယ်လိုဖြစ်နေလဲဆိုတော့ အီးမေးလ် ပိုင်ရှင်က ဒီသူ့ဟာကို ဒီအတိုင်းထားခဲ့ရမည့် ပုံစံဖြစ် နေတယ်လေ။

ပဲခူးမြို့နယ်အတွင်း အင်တာနက်ဆိုင် ၁၃ ဆိုင်ရှိပြီး ဆိုင်တစ်ဆိုင်ဖွင့်နိုင်ရန် ကျပ်ငွေ သိန်း ၁၅ဝ ခန့် ကုန်ကျခံ ကြရတယ်ဟု သိရသည်။

အင်တာနက်ဆိုင်ဖွင့်နိုင်ရန် Bagan net အား နှစ်စဉ်ကြေး ကျပ် ငါးသောင်း ပေးရသည့် အပြင် လစဉ်အခွန် ဆောင် ခ ကျပ် ငါးသောင်း ပေးသွင်းနေကြရသည်။

ထို့အပြင် အင်တာနက်ဆိုင်စဖွင့်ရန် လိုင်းလျှောက်ခဲ့စဉ်က လိုင်းကြေးအဖြစ် အစိုးရကို ၁၆ သိန်း တခါတည်း ပေးသွင်းခဲ့ရသော်လည်း ယခုလို အင်တာနက် အသုံးပြုရာတွင် အဆင်မပြေမှုတွေကြောင့် ဝင်ငွေ လျှော့နည်းပြီး အသုံးပြုသူတွေလည်း နည်းပါးလာ သည်ဟု ပဲခူးမြို့ရှိ အင်တာနက်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

အခုဆိုင်တိုင်းက ဒီလိုပဲ ဝင်ငွေလျှော့သွားတာ၊ ဒီမှာကတော့ နှေးတာကတော့ ကိုယ်တယောက်တည်း ဖြစ်ရင်တော့ တစ်မျိုးပေါ့ အကုန်လုံးဖြစ်တော့လည်း လူတွေက မထူးဆန်းတော့ပါဘူး၊ နှေးတာမှ ဂျီတော့ခ်တောင် ဝင်လို့မရဘူး၊ မေးလ်တွေ ဝင်လို့မရဘူးဖြစ်တော့ လူကျတယ်ပေါ့၊ ဂျီတော့ခ် တစ်ခါ ဝင်ဖို့ကိုပဲ ဆယ့်ငါးမီနစ် မီနစ်နှစ်ဆယ်လောက်ကြာတယ်၊ စကားပြောလို့ နေနေသာသာပေါ့နော် ဆက် လို့တောင်မရဘူး မရတဲ့ အခါကျရင် ဂျီတော့ခ် ကိုပတ်ပြီးတော့ ဝင်တာပေါ့၊ meebo ဆိုတဲ့ ဝက်ဆိုက် တစ်ခုရှိတယ်၊ အဲထဲကနေ ဝင်ရတယ် အခုရက်ပိုင်းတွေဆိုရင် အဲ့ဒီ meebo ကနေဝင် ဝင်ပြီးတော့ ချက်ရတယ်၊ ဒါတောင် တခါတလေ ကွန်နက်ရှင်က meebo ထဲကနေ ပြုတ်ပြုတ် သွားတယ်၊ တက်လို့ ရဘူး။

ယခုလောလောဆယ် အင်တာနက်လိုင်း အဆင်မပြေမှုတွေကြောင့် အသုံးပြုသူနည်းလာပြီး ဝင်ငွေနည်းလာ သည့်အပြင် မကြာခဏ လျှပ်စစ်မီးပျက်မှုတွေကြောင့် မီးစက်မောင်း အသုံးပြုနေကြရသဖြင့် အင်တာနက်ဆိုင် ပိုင်ရှင်တွေပါ ပိုမိုထိခိုက်လာသည်ဟု သိရသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။