ထိုင်းနိုင်ငံအနှံ ရှစ်လေးလုံးအခမ်းအနား ကျင်းပ

သတင်းနှင့် မီဒီယာကွန်ယက်။
သြဂုတ်လ ၈ ရက် ၊၂၀၀၇ခုနှစ်။

မြန်မာ့ ဒီမိုကရေစီရေးလှုပ်ရှားမှု ၁၉နှစ်ပြည့်မြောက်သည့်နေ့တွင် မြန်မာနိုင်ငံသား ၄၀ ခန့်က ထိုင်းနိုင်ငံ ဘန် ကောက်မြို့ရှိ မြန်မာသံရုံးသို့ သွားရောက်ဆန္ဒပြကာ မြန်မာပြည်တွင် ဒီမိုကရေစီစနစ်ကို အမြန်ဆုံး ဖော်ဆောင် ရန်နှင့် လက်ရှိကျင်းပနေသော အမျိုးသား ညီလာခံကို ချက်ချင်းရပ်ဆိုင်းရန် တောင်းဆိုခဲ့ကြသည်။

ဆန္ဒပြသော မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများက အဓိကအချက်လေးချက် တောင်းဆိုခဲ့ကြောင်း  ရခိုင်ဝံသာနု စာပေ အသင်းမှ ကိုဥက္ကာက ပြောသည်။

၁၉၉၀ပြည့်ရွေးကောက်ပွဲမှာ အနိုင်ရပါတီများကို ချက်ချင်းအာဏာလွှဲပြောင်းပေးရန်၊ လူထု ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ချွင်းချက်မရှိ ပြန်လည်လွှတ် ပေးရန်၊ သုံးပွင့်ဆိုင် ဆွေးနွေးပွဲ အမြန်ဆုံး အကောင်အထည် ဖော်ပေးရန်၊ စစ်အုပ်စုတည်မြဲရေး အ တုအယောင် အမျိုးသားညီလာခံကို ချက်ချင်းရပ်တန့်ရန် အဲဒီအချက်လေးချက် တောင်းဆိုတယ် ခင်ဗျ။

ထိုင်းအာဏာပိုင်များက ဆန္ဒပြသူ မြန်မာပြည်သားများကို ၁၅မိနစ်ခန့် ဆန္ဒပြကြွေးကြော်ခွင့်ပေးခဲ့ပြီး ဆန္ဒပြပွဲကို အဖမ်းအဆီးမရှိဘဲ အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။

သွားပြီးတော့ ညှိတော့ ကျနော်တို့က နာရီဝက်တောင်းတယ်။ မင်းတို့ ၁၅မိနစ်လောက်ပဲပေးမယ်တဲ့။ အဲတော့ ၁၅မိနစ်အချိန်ပြည့်တာနဲ့ အေးအေးဆေးဆေးပါပဲ ကျနော်တို့ ပြန်ပြီးတော့ လူစုခွဲလိုက်ပါ တယ်။ ဟု ကိုဥက္ကာက ဆက်လက်ပြောသည်။

ထိုင်းနိုင်ငံ၏ ပြည်တွင်း နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် လုံခြုံရေးတင်းကျပ်ထားချိန်တွင် ယခုလို ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ဆန္ဒပြပွဲတွင် မြန်မာ့အရေးကို ထိုင်းနိုင်ငံသားများ နားလည်သဘောပေါက်စေရန်အတွက် ထိုင်းဘာသာစကားဖြင့် လည်း တောင်းဆိုအော်ဟစ်ခဲ့သည်ဟု ဆန္ဒပြပွဲသို့တက်ရောက် လာသူ ကိုအောင်မြင့်သိန်းကပြောသည်။

ဒီမိုကရေစီရေးလှုပ်ရှားမှု ၁၉နှစ်ပြည့် အခမ်းအနားများကို နိုင်ငံရေးအင်အားစုများက ထိုင်းနိုင်ငံ ဘန်ကောက်၊ ချင်းမိုင်နှင့်မဲဆောက်မြို့တို့တွင် ကျင်းပခဲ့သကဲ့သို့ နယ်စပ်ဒေသရှိ ဒုက္ခသည်စခန်းများတွင်လည်း အောက်မေ့ ဖွယ် အခမ်းအနားများ ကျင်းပခဲ့သည်။

မြန်မာပြည်သူများက ၈ရက်၊ ၈လ၊ ၈၈ ခုတွင် ဦးနေ၀င်းခေါင်းဆောင်သော တပါတီအာဏာရှင်စနစ်ကို ဆန့်ကျင် ၍ ဒီမိုကရေစီအရေးကို ဆန္ဒပြတောင်းဆိုခဲ့ရာ စစ်တပ်က လူထုဆန္ဒပြပွဲများကို လက်နက်ဖြင့် အကြမ်းဖက် နှိမ် နင်းဖြိုခွဲခဲ့သည်။ မြန်မာ့ဒီမိုကရေစီအင်အားစုများက ယင်းလှုပ်ရှားမှုကို ရှစ်လေးလုံးလူထု အရေးတော်ပုံ အဖြစ် သတ်မှတ်ပြီး သြဂုတ်လ ၈ရက်နေ့ကျရောက်တိုင်း မြန်မာပြည်နှင့် ကမ္ဘာ့နေရာအနှံအပြားတွင် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပ ကြသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။