|
လက်နက်ကြီးကျည်ကျ၍
ထိုင်းရွာသားများ
ထွက်ပြေး
ခွန်အောင်မြတ်။
သြဂုတ်လ
၈ ရက်၊ ၂၀၀၇
ခုနှစ်။
တိုးတက်သော
ကရင်ဗုဒ္ဓဘာသာတပ်ဖွဲ့ (ဒီကေဘီအေ)က ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)၏ စခန်း
တခုကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ကျည်အချို့ ထိုင်းနယ်အတွင်း
ကျရောက်သဖြင့် ထိုင်းရွာ သား ၃၀၀ကျော် နေအိမ်စွန့်ခွာ ထွက်ပြေးနေကြောင်း
ထိုင်းနိုင်ငံ ရုပ်မြင်သံကြား လိုင်းနံပတ် ၇ ( ချယ်လ်နေ ဆဲဗင်း)က ထုတ်လွှင့်သည်။
ယင်းပစ်ခတ်မှုသည်
ယမန်နေ့ညနေက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုင်းနယ်အတွင် လက်နက်ကြီးကျည်သုံးလုံး
ကျ ရောက်သဖြင့် နုပထိုးဝါးနှင့် ဘော်ရဲ ထိုင်းကျေးရွာနှစ်ရွာမှ ရွာသားများသည်
နယ်စပ်မှ သုံးကီလိုမီတာ ကွာဝေး သည့် ကလော်ထော် ကျေးရွာတွင်
ပြောင်းရွေ့နေကြရသည်ဟု ထိုင်းနိုင်ငံ ရုပ်မြင်သံကြားက ကြေညာခဲ့သည်။
ဒီကေဘီအေက ပစ်ခတ်သည့်
လက်နက်ကြီးကျည်များသည် ထိုင်းနယ်မြေအတွင်းသို့ ကျရောက်ခဲ့သည်ဟု ကေ အဲန်ယူ
တပ်ရင်း ၁၀၃ ၏ တပ်ရင်းမှူး စောနေစေးက ပြောသည်။
“ဒီကေဘီအေက ကျနော်တို့
သူတို့ကို သွားတက်ပစ်တယ်ဆိုပြီးတော့ သူတို့တွေ သေနတ်တွေ နင်း ကန်ပစ်ပြီးတော့
ထိုင်းဖက်ကမ်းကျတာပေါ့။ သူတို့ပစ်တာ ထိုင်းဖက်ကျ တော့ ထိုင်းက ရွာသားတွေ ကတော့
တချို့ အမျိုးသမီးနဲ့ ကလေးပြေးတာတော့ ဟုတ်မှာပေါ့။ ဒီလက်နက်ကြီးကျတော့ ရွာသား
တွေ ပြေးကြတာ ခုထိပဲလေ။ ”
ယင်းပစ်ခတ်တိုက်ခိုက်မှုသည် ထိုင်းမြန်မာနယ်စပ်ရှိ မဲဆောက်မြို့တောင်ဖက် မိုင်
၆၀ခန့်အကွာတွင် ဖြစ်ပွားခဲ့ ကာ ဒီကေဘီအေ တပ်ရင်း ၉၀၇က ကေအဲန်ယူ တပ်ရင်း ၁၀၃ ၏
စခန်းတခုကို ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ၂နာရီ ခန့်ကြာသော ပစ်ခတ်မှုတွင် ကေအဲန်ယူ
နှင့် အရပ်သားများ ထိခိုက်မှုမရှိဟု ၁၀၃ တပ်ရင်းမှုး စောနေစေးက ပြောသည်။
ယခုကဲ့သို့
ပစ်ခတ်တိုက်ခိုက်ခြင်းသည် ဇူလိုင်လကုန်ပိုင်းက ဒီကေဘီအေ တပ်သား ၆ ဦး
စကားပြောစက်တလုံး အပါအ၀င် လက်နက်၇ လက်နှင့်အတူ ကေအဲန်ယူထံ
လက်နက်ချခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်ဟု ကေအဲန်ယူဖက် မှ သုံးသပ်သည်။
မိမိတို့ကျေးရွာမှ
ထွက်ပြေးနေသည့် ထိုင်းရွာသားများနှင့် နယ်စပ် လုံခြုံရေးကို မဲဆောက်ရှိ
ထိုင်းစစ်တပ် အမှတ် ၃၄၇က တာဝန်ယူ စောင့်ရှောက်ထားပြီး ယနေ့ညနေထိ
ထပ်မံပစ်ခတ်ခြင်း မရှိဟု သိရသည်။
ပစ်ခတ်တိုက်ခိုက်မှုနှင့် ပတ်သက်၍ ဒီကေဘီအေသို့ တယ်လီဖုန်းဖြင့်
ဆက်သွယ်မေးမြန်းရန်ကြိုးစားခဲ့သော် လည်း လက်ခံဖြေကြားခြင်းမရှိခဲ့ပေ။
|