|
ရှစ်လေးလုံး အနှစ် ၂၀ ပြည့် အထိမ်းအမှတ် အခမ်းအနားများ
ထိုင်း-နယ်စပ်တလျောက် ကျင်းပ
နွယ်လေး။
သြဂုတ်လ ၈ ရက်၊ ၂၀၀၈ ခုနှစ်။
ယနေ့ကျရောက်သော
ရှစ်လေးလုံး အနှစ်(၂၀)ပြည့် အထိမ်းအမှတ်ကို ထိုင်း-မြန်မာနယ်စပ်
တလျောက်တွင် အခမ်းအနားများ ကျင်းပခဲ့ကြသည်။
ထိုင်းနယ်စပ်တစ်နေရာတွင် ဒီမိုကရေစီအင်အားစုနှင့် နိုင်ငံရေးအဖွဲ့စည်းများ
စုပေါင်း ကျင်းပပြီး လူအင်အား ၂၀၀ ကျော်တက်ရောက်ခဲ့သည့် ရှစ်လေးလုံး
အခမ်းနားတွင် အကြောက်တရားကို ဖယ်ရှားပြီး မကြောက် တရား ဖြင့် တော်လှန်ရန်
လိုအပ်သည်ဟု မြန်မာနိုင်ငံလုံးဆို်င်ရာ သံဃာ့ တပ်ပေါင်းစုအဖွဲ့မှ ပြည်ပတာဝန်ခံ
ဦးပညာ ဇောတက ယခုလို မိန့်ကြားသည်။
“မြန်မာပြည်သူပြည်သားကိုပြောချင်တာကတော့ အကြောက်တရားဆိုတာ လူတိုင်းမှာရှိတယ်။
အဲဒီ အကြောက် တရားကို လုပ်ရဲတယ် ဆိုတဲ့ သတ္တိနဲ့ အများအကျိုးတွက်
ဆောင်ရွက်ပေးတဲ့ သတ္တိ အမျိုးသားရေးစိတ်ဓါတ် မဟုတ်မခံတတ်တဲ့ စိတ်ဓါတ်တွေ
မွေးပြီး ကြောက်နေတဲ့ စိတ်ကို မကြောက်ဘူး ဆိုတဲ့ သတ္တိနဲ့ တော်လှန်ဖို့
လိုအပ်လာပြီ။ ဒီနေ့ဒီချိန်မှ မတော်လှန်ပဲ လက်ရှိတိုင်းငြိမ်နေလို့ရှိရင်
ပြည်သူဘ၀ စားဝတ်နေရေး ကျပ်တည်း မယ်။ ပိုပြီး ညဉ်းပမ်းနှိပ်စက်ခံရမယ်။
ကိုယ့်မျိုးဆက်ကို အဲလိုဒုက္ခတရားနဲ့ မရင်ဆိုင်စေချင်ရင် အကြောက် တရားကို
ဖယ်ပြီး မကြောက်တရားနဲ့ တော်လှန်ရန် လိုအပ်ပြီလို့ပြည်သူကို ပြောချင်တယ် ”
လွန်ခဲ့သည့် အနှစ် (၂၀
)တွင် ဖြစ်ခဲ့သည့် ရှစ်လေးလုံးလှုပ်ရှားမှုတွင် မည်သည့်လက်နက် အဖွဲ့စည်းမျှမပါပဲ
မဆလ အစိုးရအား တော်လှန်ဖြုတ်ချနိုင်ခဲ့ကြောင်း၊ ယနေ့ အဖွဲ့အစည်းများစွာ
ပေါ်လာပြီး နည်းပညာသစ်များ ထွန်းကားလာချိန်တွင် မြန်မာပြည်သူများ
ညီညီညွတ်ညွတ်နှင့် ရှစ်လေးလုံး စိတ်ဓါတ်များကို အတုယူကာ
ပူးပေါင်းတော်လှန်ရန်လိုအပ်ကြောင်း မြန်မာ အစိုးရသည် မည်သည့်အခါမျှ
တွေ့ဆုံဆွေးနွေးရေးနှင့် အာဏာ လွဲပြောင်း ပေးအပ်မည် မဟုတ်ဟုလည်း ဆရာတော်က
ဆက်လက် မိန့်ကြားသည်။
နောင်လာမည့်
အနာဂါတ်မျိုးဆက်သစ်များလည်း ၈၈ မျိုးဆက်၏ အမွေကို ဆက်ခံပြီး ဆက်လက် တိုက်ပွဲဝင်
သွားမည်ကို ယုံကြည်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ
တာဝန်ရှိသူ ကိုစည်သူက အခမ်း အနားတွင် ပြောသည်။
မယ်လဒုက္ခသည်စခန်းတွင်
ရှစ်လေးလုံး ကျောင်းသားဟောင်းများ ဦးဆောင်ပြီး “ဂ”သုံးခု အုတ်သျှစ်ထု အနှစ်
၂၀ ကို ၀တ်မှုန်ကူးခြင်း စကားဝိုင်းကျင်းပသည့်အခမ်းအနားတွင်
ရှစ်လေးလုံးကျောင်းသားဟောင်း များနှင့် အတူ လူပေါင်း ၅၀ ခန့်တက်ရောက်သည်။
ရှစ်လေးလုံးဖြစ်စဉ်
သမိုင်းကြောင်း ဟောပြောပြီးနောက် ကိုမင်းကိုနိုင်၏ “သစ္စာ” ကဗျာကို
ရွတ်ဆိုခဲ့ပြီး ရှစ်လေးလုံးကာလနှင့် တော်လှန်ရေးအဆက်ဆက်တွင်
ကျဆုံးသည့်ရဲဘော်များအား ရည်စူးကာ ဆွမ်းသွတ် အမျှ ပေးဝေသည်ဟု စကားဝိုင်းတွင်
ဦးဆောင်ပါဝင်သည့် ဦးမြင့်ဆွေက ပြောသည်။
“ဂ
သုံးခုက ကျနော်တို့ ၈ရက် ၈လ ၂၀၀၈ ဥသျှစ်ထုဆိုတာက ကျနော်တို့ အသေအလဲ
တိုက်ပွဲဝင်မယ် ဆိုတဲ့ ရည်ရွယ်ချက်ပေါ့။ အနှစ် ၂၀ ၀တ်မှုန်ကူးခြင်းဆိုတာက
ရှစ်လေးလုံးအနှစ် ၂၀ ကာလတွင်းမှာ ရှစ်လေးလုံး မျိုးဆက်ဟောင်းတွေရှိသလို
ကျနော်တို့ ၉၀ ခုနှစ် ၉၆ ခုနှစ် ၂၀၀၇ ခုနှစ် လူငယ်တွေကို ကျနော်တို့
ရှစ်လေးလုံး ဖြစ်စဉ်တွေကို ၀တ်မှုန်ကုးပေးတဲ့ ပြန့်ပွားစေတဲ့ ရည်ရွယ်ချက်နဲ့
ဒီခေါင်းစဉ်ကို ရွေးတာ”
နေမထူးသေမထူးဘ၀မှာ
တိုက်ပွဲဝင်တာ အကောင်းဆုံးပဲလို့ ကျောင်းသားဟောင်း မန်းငြိမ်းက ပြောသည်။
“အခမ်းနားလာရောက်တက်တဲ့ ကျနော်တို့လူငယ် တော်တော်များများက ပြောရမယ်ဆိုရင်
ကိုယ်စီ ရင်ထဲမှာ အစိုင်ခဲလေးရှိနေကြတယ်။ စကားပုံ အရဆို ခါချဉ်ကောင်မာန်ချီတဲ့
ဘ၀မျိုးပေါ့ တောင်ကြီးကို မဖြိုနိုင်တာတောင် ကွေ့ပတ်ရှောင်ပေါ့။ ကျနော်တို့
အနာဂတ်ဟာ ကျနော်တို့ဘာသာ ဖန်တီးယူမှပဲ ရမယ်။ ကျနော်တို့ ဒီတိုင်း
ပြောနေလို့မရပါဘူး။ မြန်မာပြည်က ပြည်သူလူထုကို ကျနော်ပြောချင်တာက
ဒီတိုင်းနေလည်း သေကြမှာပဲ လှုပ်လဲသေကြမှာပဲ ဒါကြောင့်ထိုင်ရင်းနဲ့ အသေမခံကြပါနဲ့
လှုပ်ရင်းနဲ့ အသေခံကြပါ။”
ထိုင်းနိုင်ငံ
တောင်ပိုင်း ဖန်ငခရိုင် တကွာပါမြို့နယ် ထုံခမီးမြန်မာစာသင်ကျောင်းတွင်လည်း
အခြေခံလူထု လူ့အခွင့်ရေးပညာပေး (GHRE)မှ ဦးဆောင်ပြီး ရှစ်လေးလုံး
အထိမ်းမှတ်ကို ယနေ့ နံနက် (၉) နာရီ တွင် ပြုလုပ် သည်။ အခမ်းနားတွင်
ကျောင်းဆရာ၊ ဆရာမ (ရ)ယောက်နှင့် အတူ ကျောင်းသားဦးရေ သုံးဆယ်ကျော် တက်
ရောက်သည်။
အခမ်းနားအစကို
ရှစ်လေးလုံးတွင် ဖြစ်ခဲ့သည့် အချက်လက် ဓါတ်ပုံမှတ်တမ်း၊ ရှစ်လေးလုံးနှင့်
ပတ်သက်သည့် ဆောင်းပါး၊ ကဗျာများကို ကျောင်းသားများ ရွတ်ဖတ်ကြသည်။ ရှစ်လေးလုံး
ဖြစ်ပေါ်လာသည့် သမိုင်းကြောင်းများ နှင့် ရဟန်းရှင်လူပြည်သူများနှင့် အတူ
ကျောင်းသားများ ပူးပေါင်း ပါဝင်ခဲ့သည်ကို ရှစ်ဆယ့်ရှစ် ကျောင်းသား ဟောင်း
ရွှေမျိုးသန့်မှ ဟောပြောပေးသည်။
ကျောင်းသားများ
ပါဝင်လှုပ်ရှားခဲ့သည့် ရှစ်လေးလုံးသမိုင်းကို မျိုးဆက်သစ်လူငယ်များ
သမိုင်းဖြစ်ရပ်မှန်ကို စွဲမြဲ သိရှိ စေလိုခြင်းဖြင့်
ပြန်လည်ရှင်းပြရခြင်းသည်ဟု ရွှေမျိုးသန့်ကပြောသည်။
“
ရှစ်လေးလုံးမှာ တစ်ချို့ကျောင်းသားတွေက သူတို့ကို တပ်က ပစ်မယ်မှန်းသေမယ်မှန်း
သိရက်နဲ့ ပြည်သူအတွက် ကျောင်းသားငယ်လေးတွေက ရှေ့ကနေ ဦးဆောင်ပြီးတော့
လုပ်ခဲ့တဲ့ အစဉ်လာကို နောင်လာကျောင်းသားလူငယ်လည်းပဲ မြန်မာပြည်သမိုင်းမှာ
ကျောင်းသား အခန်းကဏ္ဍမှာ သိပ်အရေြး ကီးတဲ့ အသိမျိုးခေါင်းထဲမှာ ထားပြီး မိမိတို့
အားလုံးနဲ့ဆိုင်တယ်ဆိုတာ ခေါင်းထဲစွဲမြဲ နေအောင်လို့။”
အခြေခံလူထု
လူ့အခွင့်ရေးပညာပေး အဖွဲ့မှ ယနေ့ညနေ (၆)နာရီ အချိန်တွင် ဖန်ငရှိ
ငြိမ်းချမ်းရေးရိပ်သာ တွင်လည်း ရှစ်လေးလုံး အခမ်းနား ပြုလုပ်မည်ဖြစ်သည်။
ထိုအခမ်းနားသို့တက်ရောက်လာမည့် မြန်မာအလုပ်သမားနှင့် ဧည့်သည်များအား
ရှစ်လေးလုံး သမိုင်းကြောင်း၊ ဒီမိုကရေစီနှင့် လူ့အခွင့်ရေး ဆွေးနွေးခြင်းများ
ပြုလုပ်သွားမည်ဖြစ်သည်။
ရှစ်လေးလုံးတွင်
ကျဆုံးသူနှင့် တော်လှန်ရေး အဆက်ဆက် ကျဆုံးသူများကို ဂုဏ်ပြု အမျှပေးဝေခြင်းများ
ပြုလုပ် မည်ဟု အခြေခံလူ့အခွင့်ရေးပညာပေးအဖွဲ့မှ လက်ထောက်ဒါရိုက်တာ မပိုပို က
ပြောသည်။
“
ကျမတို့၈၈က အနှစ် ၂၀ ပြည့်သွားပြီ၊ အဲချိန်မှာ ကျောင်းသားခေါင်းဆောင်တွေ
လူထုခေါင်းဆောင် တွေက သူတို့ အသက်သွေးချွေးတွေနဲ့ နိုင်ငံတာဝန်ကို ကျေပွန်စွာ
ထမ်းဆောင်ခဲ့ပြီးပြီ။ ထို့အတူပဲ ကျမတို့ ခုလက်ရှိ ရှိနေတဲ့ မျိုးဆက်သစ်လူငယ်တွေ
အနေနဲ့ လုပ်နိုင်တဲ့ အနာဂတ်မြန်မာနိုင်ငံရဲ့ သမိုင်းကို ဒီထက်ပိုလုပ်နိုင်ဖို့
ရည်ရွယ်ချက်နဲ့ ဒါကိုလုပ်တယ်။ ဒါကြောင့် တစ်ယောက်ချင်းစီရဲ့ စိတ်ထဲမှာလည်း
ဒီနိုင်ငံရဲ့ အရေးဟာ တစ်ယောက်ချင်းစီနဲ့ သက်ဆိုင်တယ်။ ဒါငါတို့အရေး ငါတို့
လုပ်သင့်တယ် ဆိုတာမျိုးခံယူပြီး လုပ်စေချင် တာမျိုး။”
လွန်ခဲ့သည့် အနှစ်( ၂၀
)တွင် ကျောင်းသားများမှ ဦးဆောင်လှုပ်ရှားပြီး ရဟန်းရှင်လူပြည်သူလူထုများ
ပူးပေါင်း ပါဝင်ခဲ့သည် အထွေထွေ သပိတ်ဆန္ဒပြပွဲကြီး မြန်မာတပြည်လုံးအနှံ့
ဖြစ်ပေါ်ခဲ့သည်။ စစ်တပ်က မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီထံမှ အာဏာလွှဲယူခဲ့ပြီး
ဆန္ဒပြမှုများကို အကြမ်းဖက် နှိမ်နင်းခဲ့ရာ အနည်းဆုံး လူ ၃၀၀၀ သေဆုံးခဲ့သည်။
|