ထိုးစစ်ဆင်ခြင်းသည် လက်နက်ချရန် ဖိအားပေးခြင်းဖြစ်ဟု ကေအဲန်ယူ ဆို

ဧပြီလ ၉ ရက်၊ ၂၀၀၇ ခုနှစ်။

ကရင် ခွဲထွက်အဖွဲ့များနှင့် မြန်မာစစ်တပ် ပူးပေါင်း၍ ထိုးစစ်ဆင်ခြင်းသည် လက်နက်ချရန် အတွက် ဖိအားပေး ခြင်း ဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)က ပြောသည်။

မကြာမီက ကေအဲန်ယူ တပ်မဟာ ၇ မှူးဟောင်း ဗိုလ်မှူးချုပ်ထိန်မောင် မြန်မာစစ်အစိုးရ နှင့် ပူးပေါင်းစဉ်က  ကေ အဲန်ယူ တပ်ဖွဲ့များ အလုံးအရင်းပါမသွားသည့်အပေါ် မြန်မာအစိုးရက မကျေမချမ်းဖြစ်ကာ ယခုလို ထိုးစစ်ဆင် လာခြင်းဖြစ်သည်ဟု ကေအဲန်ယူ အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလဖန်းက ပြောသည်။

“သူတို့စစ်ဆင်တာကတော့ ကေအဲန်ယူကို သူတို့ဖိအားပေးတာပါပဲ။ ဗိုလ်ထိန်မောင်ကို သူတို့က လာပြီးတော့ ဖြားယောင်းသွေးဆောင်ပြီးတော့ သူတို့လူတွေနဲ့ ပေါ့လေ။ အဲဒီကာလမှာလည်းပဲ တပ်ရင်း တပ်မဟာ (၇)က တပ်ရင်း လေးငါးခြောက်ရင်းနဲ့ ဗဟိုဌာနချုပ်က တပ်ရင်း နှစ်ရင်း သုံးရင်း ဗိုလ်ထိန်မောင်နဲ့ ပါသွားလိမ့်မယ်လို့ သူတို့ အကြီးအကျယ်မျှော်လင့်ထားတယ်။ ဒါပေမယ့် ဗိုလ်ထိန်မောင်ရဲ့ သစ္စာဖောက်လုပ်ရပ်တွေကို ဘယ်သူမှ လက်မခံဘူးလေ။ လက်မခံတော့ ထပ်ရင်းတွေက တရင်းမှ လိုက်မသွားဘူး။ အဲဒီအပေါ်မှာလည်း သူတို့မကျေ နိုင်ဘူး။”

ယခု စစ်ဆင်ရေးတွင် တပ်မဟာ ၇ ခွဲထွက် အဖွဲ့များနှင့်အတူ လွန်ခဲ့သည့် ဆယ်နှစ်ကျော်က ကေအဲန်ယူမှ ခွဲ ထွက်ခဲ့သည့် တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်ဖွဲ့များလည်း ပါဝင်သည်ဟု ပဒိုမန်းရှာက ပြောသည်။

“ကေအဲန်ယူအပေါ်မှာ သူတို့မကျေချမ်းနိုင်ဘူးဖြစ်နိုင်တယ်။ အဲဒီအပေါ်မှာ သူတို့က ကေအဲန်ယူကို စစ်ဆင် လာတာပဲ ပြောရမယ်ဆိုရင်ပေါ့။ စစ်ဆင်လာတဲ့အခါမှာတော့ သူတို့ နကိုယ်ကတည်းက မွေးထားတဲ့ ဒီကေဘီ အေကို ထုတ်သုံးတာပေါ့လေနော်။ ပြဿနာရဲ့အနစ်သာရက အဲဒါ။ ”

မြန်မာအစိုးရ တပ်ဖွဲ့များက ဧပြီလ ၇ ရက်နေ့မှ စှု ဒီကေဘီအေ၊ ဗိုလ်မှူးချုပ်ထိန်မောင်အဖွဲ့များနှင့် ပူးပေါင်းပြီး ကေအဲန်ယူကို ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်အနီးရှိ ကေအဲန်ယူ၏ ဗျူဟာကုန်းတခုကို ဗုဒ္ဓဘာသာ ကရင်အဖွဲ့နှင့် မြန်မာ အစိုးရ တပ်များက အဓိကထိုးစစ်ဆင်ခြင်းဖြစ်ပြီး ယနေ့နံနက် လင်းအားကြီး ၂ နာရီ အချိန်တွင် ထားလော့ စခမ်းနှင့် မနက်ခြောက်နာရီတွင် ရွှေကာယစခမ်းကုန်းတို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ အဆိုပါ စခန်းနှစ်ခုမှာ တပ်မ ဟာ ၇ ၏ ရှေ့ကာကင်း စခန်းများဖြစ်ကြသည်။

သတင်းထုတ်ပြန်သည့်အချိန်တွင် အနီးကပ်တိုက်ပွဲများ ရပ်ဆိုင်းနေပြီး လက်နက်ကြီး ပစ်ခတ်မှုများ ဆက်လက် ရှိနေသည်ဟု ကရင်ထောက်လှမ်းရေး တပ်မှူး ရွိုင်းက ပြောသည်၊

“သူတို့ကတော့ လက်နက်ကြီးနဲ့ တစ်နာရီကို တလုံးနှစ်လုံး တခါရပ်သွားတယ်။ နောက် လေးငါးဆယ်လုံး နာရီဝက် အဲလို ပုံမှန်ပဲ သူတို့ဖက်ကတော့ ရန်သူဖက်ကတော့ ပုံမှန်ပဲ ပစ်ပေးနေတယ် နောက်ကနေ။ ဒီနေ့ သူတို့ ဆက်တက် နေတာက တကွီးကလား လို့ခေါ်တယ်။ ရှေ့က တိုက်ပွဲဖြစ်နေတဲ့စခမ်းက တကွီးကလား၊ ငှက်ပျောတောပေါ့ဗျာ မြန်မာလိုခေါ်ရင်တော့။ ကရင်လိုက တကွီးကလား ခေါ်တာပေါ့။ ဒါပေမယ့် သူတို့ တက်လို့ မရသေးပါဘူး။ ကျနော်တို့ဖက်ကလည်း ပေါ့ပေါ့နဲ့ကတော့ ဆုတ်မပေးဘူးလေ။ ကျည်ဆံကုန် လူကုန်ပဲ ချမှာပဲ ကျနော်တို့ ဖက်ကလည်း။ ”

နှစ်ဖက်တိုက်ပွဲကြောင့် ကေအဲန်ယူဖက်မှ ဗိုလ်တဦးကျဆုံးကာ နှစ်ဦး ဒဏ်ရာရရှိပြီး၊ နအဖစစ်တပ်နှင့် ဒီကေဘီ အေ ဖက်မှ နှစ်ဦးကျဆုံးပြီး (၈)ဦး ဒဏ်ရာရှိသည်ဟု ရွိုင်းကပြော သည်။

နှစ်ဖက် တိုက်ပွဲကြောင့် ကရင်ရွာသားများ ၂၀၀ ကျော် ထိုင်းနိုင်ငံဖက်သို့ ထွက်ပြေး လာသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။