မဲဆောက်တွင်  မြန်မာအလုပ်သမား ၈၀၀ ခန့် ဖမ်းဆီးခံရ

သတင်းနှင့်မီဒီယာကွန်ယက်။                                                                                        မေလ ၉ ရက်၊ ၂၀၀၇ ခုနှစ်။

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့တွင် ထိုင်းအာဏာပိုင်များက တရားမ၀င်အလုပ်သမားများကို စတင်ဖမ်းဆီး နေ ပြီး ယခုအခါတွင် မြန်မာအလုပ်သမား ၈၀၀ ခန့် ဖမ်းဆီးခံခဲ့ရသည်ဟု အလုပ်သမားကို ကူညီနေသည့် အဖွဲ့မှ တာဝန်ရှိသူတဦး က ပြောသည်။

ထိုင်းစစ်တပ်၊ ရဲနှင့် လူဝင်မှုကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်း၍ မဲဆောက်မြို့အတွင်း ရှာဖွေ ဖမ်းဆီးခဲ့ရာ ဘန့်ထုန် ထောင်း ရပ်ကွက်နှင့် ကန့်ဘီဘန်းရပ်ကွက်အတွင်းမှ လက်မှတ်မဲ့ မြန်မာ အလုပ်သမား ၅၀၀ ခန့်ကို ယမန်နေ့က ဖမ်းဆီးခံခဲ့ရပြီး ယနေ့တွင် နောင်ဘွားကျေးရွာမှ အလုပ်သမား ၂၀၀ ခန့် နှင့် မယ့်သလောကျေးရွာမှ ၁၀၀ ခန့် အဖမ်းခံရကြောင်း အမည် မဖေါ်လိုသည့် အထက်ပါ တာဝန်ရှိသူက ပြောသည်။

မြန်မာအလုပ်သမားများ ဖမ်းဆီးခံခဲ့ရသည့် အကြောင်းကို ဘန့်ထုန်ထောင်းရပ်ကွက်မှ မျက်မြင် သက်သေတဦး ဖြစ်သည့် မြန်မာအလုပ်သမ မခင် က ယခုလို ပြောသည်။

“ကလေးပါဆိုရင် လူ ၄၀၀ ရာလောက် ရှိတယ်။ တော်တော်များတယ်၊ တော်တော်ဖမ်းတယ်။ နောက် ပြီးတော့ စစ် သားတွေလည်း ပါတယ်လေ။ စစ်သားတွေရော၊ တောမော (လူဝင်မှုကြီးကြပ်ရေး) ဗွက် များများကွင်းထဲမှာ တောင် မှ သူတို့သွားဖမ်းတာရှိတယ်။ မနေ့က တော်တော်များတယ်။ ရွာထဲမှာဆို တင်ထားတာ ပြည့်နေရောပဲ။”

အလုပ်လုပ်ခွင့်လက်မှတ်မရှိသူများ၊ လက်မှတ်သက်တမ်းကုန်ဆုံးသည့် အလုပ်သမားများကို လိုက်လံဖမ်းဆီးရာ တွင် ကလေးငယ်များနှင့် မိခင်များလည်း ပါဝင်သည်ဟု မဲဆောက်မြို့ အခြေစိုက် မြန်မာအလုပ်သမား များ အရေးကို ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့တဖွဲ့ ဖြစ်သော ရောင်ခြည်ဦးအလုပ်သမားအဖွဲ့မှ တာဝန်ရှိသူ ကိုမင်းဦး က ပြောသည်။

မိဘများ ဖမ်းဆီး၍မရပါက ကလေးငယ်ကိုဖမ်းဆီးခဲ့ကြောင်း ကန့်ဘီဘန်းရပ်ကွက်တွင် ဈေးလာရောင်းသည့် မြန်မာအမျိုးသမီးဖြစ်သူ မညို ကပြောသည်။

“ကျမတို့နေတဲ့ဖက်မှာ မွေ့သွားတယ်အကုန်လုံး။ အများဆုံး ပါတယ် ကျမတို့ ဖက်က၊ အများကြီး ပါ သွားတယ်။ အလုပ်သမားတွေရော၊ ကလေးသားလေးတွေရော အကုန်လုံးပေါ့။ ကျောင်းသားလေး ပါမကျန် အကုန်လုံး ဖမ်းထည့်သွားတယ်။ ကလေးတွေလည်း ပါသွားတယ်။ မိဘတွေကတော့ လွတ်ရာ လွတ်ကြောင်း ပြေးတာပေါ့။ မိဘ တွေပြေးသွားတော့ ကလေးတွေ ကို ကားပေါ်ကောက်တင်၊ ကလေး တွေ ငိုယိုတော့ မိဘတွေက ထွက်လာ ရတာပေါ့။”

ယမန်နေ့ကဖမ်းဆီးထားသည့် အလုပ်သမား ၅၀၀ ခန့်ကို ယနေ့နေ့လည် ၁ နာရီခန့်တွင် မိခင်နှင့် ကလေးငယ် အပါအ၀င် အလုပ်သမားလက်မှတ်ဟောင်းရှိသူ အချို့ကို ပြန်လည် လွတ်ပေးခဲ့သော်လည်း ကျန်ရှိသည့် အလုပ် သမားများကို မဲဆောက်နှစ်ထပ်ချုပ်တွင် သော်လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေး အချုပ်အတွင်းတွင် လည်း ကောင်း ထိန်းသိမ်းထား သည်။

မဲဆောက်မြို့တွင် ခန့်မှန်းခြေအရ မြန်မာအလုပ်သမား ရှစ်သောင်းကျော် နေထိုင် အလုပ်လုပ်နေကြပြီး ထိုင်းနိုင်ငံ အလုပ်သမားဥပဒေအရ တရက်လျှင် လုပ်အားခ ၁၄၃ ဘတ် အဖြစ် သတ်မှတ်ထားသော်လည်း လက်တွေ့တွင် ရွှေ့ပြောင်းအလုပ်သမားအများစုမှာ ဘတ် ၈၀ နှင့် ၉၀ အကြားရရှိကာ နေ့စားလုပ်သားများသည် တနေ့လျှင် ၅၅ ဘတ် ရရှိကြောင်း ရောင်ခြည်ဦး အလုပ်သမားအဖွဲ့က ပြောသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။