|
အပစ်ရပ် ပအိုဝ်းနီ ဥက္ကဌနှင့် အင်အား ၈၀ လက်နက်ချ
ခွန်အောင်မြတ်။
ဇူလိုင်လ ၉ ရက်၊ ၂၀၀၇ ခုနှစ်။
ဆီဆိုင်မြို့နယ်အတွင်းရှိ ပအိုဝ်းနီ(ခေါ်) ရှမ်းပြည်လူမျိုးပေါင်းစုံ
ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ)၏ အဓိက အခြေစိုက်စခန်းဖြစ်သည့်
နောင်ထောင်ဝ်တွင် ကျန်ရှိနေသော ဥက္ကဌ ခွန်ချစ်မောင်ဦးဆောင်သည့် အင် အား ၈၀ သည်
မြန်မာစစ်အစိုးရထံတွင် ယမန်နေ့က လက်နက်ချလိုက်သည်။
မြန်မာစစ်အစိုးရနှင့်
အပစ်ခတ်ရပ်ထားသည့်အဖွဲ့ ပအိုဝ်းအမျိုးသားအဖွဲ့၏ စခန်းတခုဖြစ်သည့် အောင်ဆုဗွေ
စခန်း တွင် အခမ်းအနားနှင့်တကွ လက်နက်အပ်နှင်းပွဲ ပြုလုပ်ခဲ့ကြောင်း မကြာသေးမီက
တောပြန်ခိုလာသည့် ရလလဖ ခွဲထွက်အဖွဲ့၏ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်သူရိန်က
ပြောသည်။
“မနေ့တုန်းက
သုံးနာရီအချိန် မြန်မာစံတော်ချိန်ပေါ့၊ အဲဒီ သုံးနာရီအချိန်မှာ
ညနေပိုင်းပေါ့နော် ဦးချစ် မောင်နဲ့ လူအင်အား ၈၀ ကနေပြီးတော့မှ ပီအဲန်အို စခန်း
အောင်ဆုဗွေမှာ စစ်အစိုးရထံကို လက်နက် အပ်လိုက်တယ်ဆိုတာ ကျနော်တို့ နောက်ဆုံး
ရလိုက်တဲ့ သတင်းပဲ။”
ခွန်သူရိန်က ဆက်လက်၍ “အဲဒီမှာ
ပီအဲန်အိုမှာ ရှိနေတဲ့ ဗိုလ်မှူး သိန်းဖေ၊ နောက်ပြီးမှ ဗိုလ်မှူး ခွန်
စံလွင်တို့က ကမကထပြုပြီးတော့မှ အဲဒီ အောင်ဆုဗွေ စခန်းမှာပဲ
အရှေ့ပိုင်းတိုင်းစစ်ဌာချုပ်ဖြစ်တဲ့ စရခ ဂျီဝမ်း ဗိုလ်မှူး မြ၀င်းကနေပြီးတော့
လာရောက် လက်ခံသွားတယ်လို့ ကျနော်တို့ နောက်ဆုံးရ တဲ့ သတင်းက အဲဒါပဲ ဖြစ်ပါတယ်။”
လွန်ခဲ့သည့် လ ၁၀
ရက်မှ စ၍ တောပြန်ခိုသွားသည့် ဒု-ဥက္ကဌ ဗိုလ်မှူးကြီးထိဆောင် ဦးဆောင်သည့် ရလလဖ
ခွဲ ထွက်အဖွဲ့ကို ၁၅ ရက်အတွင်း ပြန်ခေါ်ပေးရန် မြန်မာစစ်အစိုးရက ဌာနချုပ်တွင်
ကျန်ရှိသော ဥက္ကဌ ခွန်ချစ်မောင် အား ဖိအားပေးခဲ့သည်ဟု ခွန်သူရိန်က ဆက်ပြောသည်။
ဇူလိုင်လလေးရက်နေ့တွင်
ရလလဖ၏ နာယကအဖွဲ့နှင့် လက်ရှိ ဥက္ကဌ ခွန်ချစ်မောင်တို့ အစည်းအဝေး ကျင်းပ ပြီး
ဥက္ကဌရာထူးကို ပြန်လည်အပ်နှင်းရန် တောင်းဆိုခဲ့ရာ ခွန်ချစ်မောင်က သဘောတူခဲ့သည်။
သို့သော်လည်း ဥက္ကဌ ရာထူးကို ပြန်မအပ်ပဲ ခွန်ချစ်မောင်နှင့် အဖွဲ့က
ကားသုံးစီးနှင့်အတူ ရလလဖ အခြေစိုက်စခန်း နောင် ထောင်ဝ်မှ တိတ်တဆိတ်ထွက်သွားကြရာ
ဂိတ်မှ အစောင့်တပ်သားများနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲတွင်
ခွန်ချစ်မောင်ဖက်မှ ကားတစီး မီးလောင်ပျက်စီးပြီး ဗိုလ်မှူး လှထွန်းကျဆုံးကာ
တပ်သား ၆ ယောက် ဒဏ်ရာရ ခဲ့ကြသည်။
တိုက်ပွဲဖြစ်ပြီး
နောက်ပိုင်း ဇူလိုင်လ ၈ နေ့တွင် စစ်အစိုးရထံ လက်နက် ချလိုက်ခြင်းဖြစ်သည်။
ရလလဖ ဌာနချုပ်
နောင်ထောင်ဝ်တွင် ရလလဖ၏ နာယကများဖြစ်သည့် ဦးစိုးအောင်လွင်၊ ဦးစောဖားမူ၊ နှင့်
မြန်မာစစ်အစိုးရ ကျင်းပသည့် အမျိုးသားညီလာခံ ကိုယ်စားလှယ်များ ဖြစ်သည့်
ခွန်စိန်ရွှေ၊ ဦးအောင်ရွှေလတ် တို့က တပ်အင်အား တရာကျော်နှင့်အတူ
ဆက်လက်ကျန်ရှိသည်။
|