မလေးရှားနိုင်ငံ နိုင်ငံခြားသား ထိန်းသိမ်းရေးစခန်းတွင် အမည်မသိရောဂါကြောင့် သေဆုံးသူပိုတိုးလာ

ဇော်ကြီး။
စက်တင်ဘာလ ၉ ရက်၊ ၂၀၀၉ ခုနှစ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်အနီးရှိ KLIA နိုင်ငံခြားသားထိန်းသိမ်းရေးစခန်း၌ ဖြစ်ပွားနေသည့် အမည် မသိ ရောဂါကြောင့် သေဆုံးသူပိုမိုတိုးပွားလာသည်ဟု စခန်းတွင်း ထိန်းသိမ်း ခံထားရသူများကပြောသည်။

KLIA စခန်းအတွင်း၌ အမည်မသိရောဂါတခု သြဂုတ်လကုန်ပိုင်းကစတင်ဖြစ်ပွားခဲ့ပြီး ထိုရောဂါကြောင့် ထိန်းသိမ်း ခံထားရသူတဦး ယမန်နေ့ကထပ်မံသေဆုံးခဲ့သည်။

လက်ရှိ စခန်းတွင်း၌ ထိုရောဂါဖြစ်ပွားသူ ပိုမိုများပြားလာပြီး သေဆုံးသူစုစုပေါင်း ၈ ဦး ရှိသည်ဟု စခန်းတွင်းမှ အ မည်မဖော်လိုသူတဦးက ယခုလိုပြောသည်။

ဒီမှာဖြစ်နေတာက နည်းနည်းပါးပါးဖြစ်လာတာနဲ့ ကျနော်တို့ကဆေးရုံတင်ပေးဖို့ ပြောတယ်။  သူတို့(စခန်းအာဏာပိုင်)က မတင်ဘူး။ တအားဖြစ်ပြီဆိုမှ မဖြစ်မနေမှဆေးရုံ ခေါ်သွားတယ်။ အဲ့ဒီကျတော့ ဟိုလူက လက်လွန်ပြီးဘယ်လိုမှကုလို့မရတော့ဘူး။ အခု အကုန်လုံး သေတာဆို ၈ ယောက်ရှိသွားပြီ။

ရောဂါဖြစ်ပွားနေသူများကို သာမန်လူများနှင့် အတူထားသည့်အတွက် ရောဂါဖြစ်သူပိုများလာပြီး ကူးစက်ရောဂါ တစ်မျိုးဖြစ်နိုင်သည်ဟု ၎င်းကဆက်ပြောသည်။

အဲဒီရောဂါကတော့ ကူးတာပဲဗျ။ ပထမ တစ်ယောက်ကနေစပြီး ဖြစ်သွားတာပဲ။ မျက်ခွက် တွေ ဗိုက် တွေရောင်လာတယ်။ အဲဒီကနေစပြီး လူကသွားလာလို့ လှုပ်ရှားလို့မရတော့ဘူး။ အိပ်ပဲအိပ်နေတော့ တာ။ စားလည်းစားလို့မရတော့ဘူး။

လွန်ခဲ့သည့်လက ရိုဟင်ဂျာနှင့် ချင်းလူမျိုးများကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှ လာရောက်ထုတ်ယူခဲ့စဉ်က စခန်းတွင်း ကျန်ရှိသူများ အားလုံးကိုလည်း ထုတ်ယူမည်ဟု ပြောခဲ့သည်။

လောလောဆယ်စခန်းတွင်း၌ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းနေပြီးမြန်မာနိုင်ငံသားအယောက်၂၀၀ ကျော် ရှိ၍ UNHCR မှ လာရောက်ထုတ်ယူမည့်နေ့အားစောင့်ဆိုင်း နေသည်ဟု ၎င်းကဆက်ပြောသည်။

ဒီမှာ အိမ်သာတွေဘာတွေကလည်း ညစ်ပတ်တယ်။ ရေလည်းမလုံလောက်ဘူး။ ဘာမှကို လုပ်လို့မရ ဘူးဖြစ်နေတယ်။ UN ကို အားကိုးပြီးတော့ စောင့်နေတာဟိုနေ့လာမယ်ပြော၊ ဒီနေ့လာမယ်ပြောနဲ့။ ကျနော်တို့ ဒီထဲကလူတွေက သေနေ့ကိုဒီထဲမှာစားပြီးတော့ စောင့်နေရသလိုဖြစ်နေတယ်။

ထိန်းသိမ်းရေးစခန်းတွင်း၌ နေ့စဉ် ငါးရေလုံပြုတ်သာတိုက်ကျွေးသဖြင့်အာဟာရချို့တဲ့ကာ အရေပြားရောဂါများ ဖြစ်ပွားနေကြသည်။

ထိန်းသိမ်းခံထားရသူများသည် မလေးရှားအစိုးရ၏ တည်ဆဲဥပဒေအရအပြစ်ပေးခံခဲ့ရပြီး စခန်းအတွင်း၌ တနှစ် ကျော်ကြာထိန်းသိမ်းခံနေရသူများရှိပြီး နေရပ်ရင်း ပြန်လိုပါက မလေးရှားငွေ ၁၄၀၀ ခန့်ကုန်ကျသည်။ မြန်မာနိုင်ငံ သားများကပေးရန်ငွေမရှိသည့်အပြင် တရားမ၀င် ၀င်ရောက်သူများ ဖြစ်သည့်အတွက်နေရပ်ရင်းသို့ မပြန်လိုကြ ကြောင်းပြောသည်။

မလေးရှားနိုင်ငံရှိ နိုင်ငံခြားသား ထိန်းသိမ်းရေးစခန်းများ၌  တရားမ၀င်နိုင်ငံခြားသား သုံးသောင်းခန့်ရှိပြီး မြန်မာ နိုင်ငံသားတစ်သောင်းကျော်ရှိသည်ဟု လက်ရှိ မလေးရှား အစိုးရထုတ်ပြန်သည့် စာရင်းဇယားကို ကိုးကားပြီး မလေးရှားရှိ မြန်မာ့အရေး ဆောင်ရွက်နေသူများကပြောဆိုသည်။

စခန်းတွင်းကျန်ရှိနေသူများသည် လွန်ခဲ့သည့် ဇူလိုင်လဆန်းပိုင်းကစမုံညှင်းထိန်းသိမ်းရေး စခန်းတွင် ကျန်းမာရေး ကိစ္စနှင့်ပတ်သက်၍ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီး ယခုလက်ရှိ KLIA စခန်းသို့ပြောင်းရွှေ့ခံထားရခြင်းဖြစ်သည်။

လွန်ခဲ့သည့် သြဂုတ်လ ၁၆ ရက်နေ့ကလည်း ယင်းစခန်းအတွင်းတွင်မြန်မာနိုင်ငံသား ၃၀ ခန့် စခန်းဖောက်ထွက် ပြေးမှုတခုဖြစ်ပွားခဲ့သည်။ 

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။