အင်တာနက် အဆက်အသွယ် ပြန်လည်ဖွင့်လှစ်ပေး

ခွန်အောင်မြတ်။
အောက်တိုဘာလ ၉ ရက်၊ ၂၀၀၇ ခုနှစ်။

မြန်မာစစ်အစိုးရက ပြီးခဲ့သည့်လ ၂၈ ရက်နေ့မှ စတင်ဖြတ်တောက်ခဲ့သော အင်တာနက် လိုင်းများကို ယနေ့ နေ့လည်တွင် အချိန်တိုးဖွင့်ပေးလိုက်၍ အင်တာနက်ကဖေးဆိုင်များတွင် လူအများအသုံးပြုနိုင်ပြီ ဖြစ်သည်။

အင်တာနက်ကို အစိုးရရုံးများအပါအ၀င်အင်တာနက်ကဖေးများတွင်လည်း ပြန်လည်အသုံးပြု၍ရကြောင်း ရန်ကုန် မြို့ခံ လူငယ်တဦးက ပြောသည်။

“ဖွင့်ပြီ ဒီနေ့ပဲ ထင်တာပဲ။ အကုန်တော့ ပွင့်နေပြီ။ အပြင်လည်းပွင့်တယ်။ ရတယ် နယ်တွေမှာ လည်း။ ကျနော်ကလည်း သူငယ်ချင်းတွေ လှမ်းပြောလို့ အစောတုန်းကမှ ၀င်တာ။”

ရန်ကုန်ရှိလူငယ်များနှင့် စီးပွားရေးကုမ္ပဏီများက အင်တာနက်ဖွင့်သည့်အချိန်ကို စောင့်ကြည့်နေကြသည်ဟု ၄င်း က ဆက်ပြောသည်။

“သိကြတယ်။ ဒီလိုပဲ စောင့်နေကြတာ ပုဂံဆိုက်ဘာတက်တို့၊ အမ်ပီတီတို့မှာလည်း ကုမ္ပဏီတွေက ၀န်ထမ်းတွေ အများကြီးပဲ သူတို့အချိတ်အဆက်တွေနဲ့ သူတို့ သိကြမှာပေါ့ သတင်းပေးကြမှာပေါ့။ ”

မြန်မာစစ်အစိုးရသည် အင်တာနက် ဆက်သွယ်မှု ဖြတ်တောက်ချိန်တွင်လည်း ကြိုတင်အသိပေးခြင်း မရှိသကဲ့ သို့ ယခု ပြန်လည်ဖွင့်ပေးရာတွင်လည်း တရားဝင် အသိပေးခြင်းမရှိခဲ့ပေ။

ယခင်အပတ်အတွင်းက အင်တာနက် အဆက်အသွယ်ကို ည ၉ နာရီမှ မနက်လေးနာရီအထိသာ ဖွင့်ပေးခဲ့သ ဖြင့် နေ့ခင်းတွင် သုံးစွဲလိုသူများ အခက်ကြုံခဲ့ရသည်။

မြန်မာပြည်တွင် အင်တာနက် ဆာဘာကို မြန်မာ့ဆက်သွယ်ရေးနှင့် ပုဂံဆိုက်ဘာတက်တို့က ချုပ်ကိုင်ထားခြင်း ဖြစ်ပြီး အင်တာနက် ဆက်သွယ်ရေး ဖြတ်တောက်ချိန်မှစ၍ ပြည်တွင်း ၀ပ်ဘ်ဆိုက်ဒ်များကို ပြည်ပမှ ကြည့်ရှု၍ မရသကဲ့သို့ ပြည်ပ ၀ပ်ဘ်ဆိုက်ဒ်များကိုလည်း ပြည်တွင်းမှ ဖွင့်၍ မရခဲ့ပေ။

ပြီးခဲ့သောလတွင်ဖြစ်ပွားခဲ့သော သံဃာတော်များနှင့် လူထုဆန္ဒပြပွဲများကို အင်တာနက်ဖြင့် အသုံးပြု၍ သတင်း၊ ဓါတ်ပုံနှင့် ရုပ်သံမှတ်တမ်းများကို ပြင်ပမီဒီယာများသို့ ပေးပို့မှုများရှိခဲ့သည့်နောက်တွင် မြန်မာစစ်အစိုးရက အင် တာနက်လိုင်းများကို ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။

ပြည်သူများအသုံးပြုနေသော အင်တာနက်လိုင်းများကို ဖြတ်တောက်လိုက်ခြင်းသည် လူ့အခွင့်အရေး ချိုးဖောက် မှု တခု ဖြစ်သည်ဟု UN Telecoms Agency အကြီးအကဲက ဝေဖန်ခဲ့သည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။