တရားမ၀င် မြန်မာအလုပ်သမား ရာနှင့်ချီ ဖမ်းဆီးခံရ 

သီတာထွန်း။
ဒီဇင်ဘာလ ၉ရက်၊ ၂၀၀၈ ခုနှစ်။

ထိုင်းနိုင်ငံ၊ စမုန်ပရကန်မြို့နယ်ရှိ ဖိနပ်စက်ရုံတစ်ခုတွင် ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့က ၀င်ရောက် စစ်ဆေးရာ တရားမ၀င် မြန်မာအလုပ်သမား ရာနှင့်ချီ ဖမ်းဆီးခြင်း ခံခဲ့ရသည်။

ဖမ်းဆီးခံရသည့်စက်ရုံမှာ စမုန်ပရကန်မြို့နယ်၊ ဘန့်ဖယိုင်ရှိ (aerosoft) ဖိနပ်စက်ရုံဖြစ်ပြီး အလုပ်လုပ်နေချိန် အတွင်း လူဝင်မှုကြီးကြပ်ရေးမှ လာရောက် ဖမ်းဆီးသွားသည်ဟု  ၎င်းစက်ရုံမှ အလုပ်သမားတဦးဖြစ်သူ ကိုကျော်စိုးပိုင်က ပြောသည်။

“အခုကျနော်တို့ အဖမ်းခံရတဲ့အချိန်က ကျနော်တို့အလုပ်ဝင်တာက မနက်ရှစ်နာရီဆိုရင် မနက်ရှစ်နာရီ ကနေ ညရှစ်နာရီ ဒါပုံမှန်အလုပ်ဝင်ချိန်ပါ၊ ခုချိန်မှာ အိုဒီ မရှိတဲ့အတွက် ညနေငါးနာရီဆို ပြန်လွှတ် ပါတယ်၊ အခုအလုပ်ဝင်ချိန်က မနက်ရှစ်နာရီဆို စ၀င်ပါတယ်၊ စ၀င်ပြီးတဲ့အချိန်မှာ စ၀င်ပြီးတာနဲ့ ရှစ်နာရီခွဲအချိန်ပေါ့နော်၊ စက်ရုံထဲကို တောမော (လူဝင်မှုကြီးကြပ်ရေးအဖွဲ့) ၀င်လာပါတယ်၊ တော မောလို့တော့ပြောတာပဲ၊ ဒါပေမဲ့သူတို့ရဲ့ ၀တ်စုံက အရပ်ဝတ်အရပ်စားဘဲ ပါပါတယ်၊ သူတို့ရဲ့ကဒ် တွေတော့ ပြပါတယ်၊ အမျိုးသမီး တွေလည်း ပါပါတယ်၊ ကျနော်တို့အထင်တော့ အဖွဲ့စုံလို့တော့ ထင်ပါတယ်၊ အဲဒီမှာသူတို့က ဘတ်ရှိတဲ့လူ၊ ဘတ်မရှိတဲ့လူ အားလုံးကို ထိုင်ပါ ထိုင်ပါလို့ပြောတယ်၊ ပြီးရင် ဘတ်ရှိတဲ့လူ၊ ဘတ်မရှိတဲ့လူခွဲယူပါတယ်၊ ခွဲယူပြီးတော့ ဘတ်မရှိတဲ့ လူအားလုံးကို ခေါ်သွား ပါတယ်။”

စက်ရုံအတွင်းသို့ ၀င်ရောက်စစ်ဆေးဖမ်းဆီးခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်ဟု အလုပ်သမားများက ပြောသည်။

ထိုင်းလူဝင်မှုကြီးကြပ်ရေးက အလုပ်သမားများကို စစ်ဆေးပြီးနောက် အလုပ်သမား လက်မှတ်မရှိသူများကို အမျိုးသား၊ အမျိုးသမီးခွဲကာ ကားခြောက်စီးဖြင့် တင်ဆောင် သွားသည်ဟု မျက်မြင်တွေ့ခဲ့သည် အလုပ်သမား ခင်မောင်က ပြောသည်။

“အဲဒီပုလိပ်ကားကို သွားတွေ့ခဲ့တာကတော့ ငါးစီး၊ ခြောက်စီးလောက်ရှိတယ်။ လူကတော့ ပြည့်ကြပ် သိပ်နေတာပဲ။ ထောင်ကားအမည်းတွေကော၊ ပုလိပ်ကားတွေရော တွေ့တယ်။ ပုလိပ်ကားတွေက အဲဒီ အလုပ်ရုံမှာပဲ ရပ်ထားတယ်။ ပုလိပ်တွေလည်း တွေ့တယ်။ အဲဒီမှာ မိန်းကလေးတွေရော၊ ယောက်ျား လေးတွေရော အကုန်လုံးတွန်းတင်ပြီးတော့ ကျနော့်ရှေ့မှာ တွန်းတင်ကြတာတွေ့တာပေါ့ ကျနော် တွေ့တာပေါ့။ ကျနော်ထမင်းချက်ပြီး သွားပြန်ယူတဲ့ အချိန် ကျနော်သွားတဲ့အခါ ပြန်ဝင်သွားတာက အဲဒီကားဘေးမှာပဲ ကျနော်ဖြတ်လာတာ။ အဖမ်းခံရတာ လေးရာကျော် ငါးရာနီးပါးပေါ့။”

အချို့ အလုပ်သမားများမှာ နောက်ဖေးပေါက်မှ ထွက်ပြေးပုန်းရှောင်ကြသည်ဟု အလုပ်သမားများက ပြောသည်။

ယင်းဖိနပ်စက်ရုံတွင် မြန်မာအလုပ်သမားအပါအ၀င် အလုပ်သမား သောင်းကျော်ခန့် ရှိသည်ဟု ခင်မောင်က ပြောသည်။

“ကျနော်တို့ မြန်မာပြည်သားဆိုရင်တော့ အများကြီးပဲ ဒီအလုပ်ရုံက ကြီးတယ်ဗျ။ မြန်မာပြည်သားက အနည်းဆုံး မရှိဘူးဆိုရင်က ခြောက်ထောင်၊ ခုနစ်ထောင်လောက်တော့ ရှိမယ်။”

ယခုကဲ့သို့ဖမ်းဆီးမှုကြောင့် အလုပ်သမားလက်မှတ်ရှိသူများမှာလည်း စိုးရိမ်နေကြပြီး၊ အလုပ်သမား လက်မှတ် မရှိသည့် ညဆိုင်းအလုပ်ဆင်းသူများမှာလည်း အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်ဟု ကိုကျော်စိုးပိုင်က ပြောပြ သည်။

 “ ကျနော်တို့က ညဆိုင်း၊ ညဖက်ဆင်းရတဲ့အဖွဲ့တွေ၊ အခုဒီညကို ကျနော်တို့ဆင်းရမယ်ဆို ကျနော့်မှာ ဘတ်ရှိတယ်၊ ဒါပေမဲ့ ကျနော့်မှာ ဘတ်ရှိတယ်ဆိုတာတောင်မှ နည်းနည်းစဉ်းစား နေတယ်ဆို ဘတ်မရှိတဲ့လူဆို ဒီညအဖို့ဆင်းဖြစ်မှာ မဟုတ်တော့ဘူး၊ အားလုံးဟာ ကျီးလန့်စာစား ဖြစ်နေကြတာ ပေါ့ဗျာ။”

အလုပ်ရုံပိုင်ရှင်က လူဝင်မှုကြီးကြပ်ရေးရုံးသို့ လိုက်ပါသွားပြီး အဖမ်းဆီးခံရသည့် အလုပ်သမားများ၏ နောက်ဆုံး အခြေအနေ မသိရှိရသေးပေ။

ကမ္ဘာ့စီးပွားရေး ကြပ်တည်းမှုကြောင့် ထိုင်းနိုင်ငံတွင် စီးပွားရေးကျဆင်းသဖြင့် ထိုင်းနိုင်ငံရှိ စက်ရုံအများစုမှ အလုပ်သမားဦးရေ လျော့ချသည့်အနေ အလုပ်သမားများ နေ့စဉ်နှင့်အမျှ အလုပ်ထုတ်ခံရသည်ဟု အလုပ်သမား အရေး ကူညီဆောင်ရွက်သူများက ခန့်မှန်း ပြောဆိုကြသည်။
 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။