|
တပ်စခန်းအချို့လက်လွတ်ရသော်လည်းတပ်မဟာ ၇ မဆုံးရှုံးနိုင်ဟုကေအဲန်ယူပြော
ဧပြီလ ၁၀၊ ၂၀၀၇
ခုနှစ်။
တိုးတက်သော
ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်ဖွဲ့ (ဒီကေဘီအေ)နှင့် မြန်မာစစ်အစိုးရတပ်က
ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ) တပ်မဟာ (၇)ကို ထိုးစစ်ဆင်မှုကြောင့်
တပ်ရင်းအချို့ဆုံးရှုံးမှု ရှိခဲ့သော်လည်း တပ်မ ဟာ (၇) တခုလုံး
ဆုံးရှုံးဖွယ်မရှိဟု ကေအဲန်ယူမှ ပြောသည်။
ဒီကေဘီအေ တပ်ဖွဲ့၊
ဗိုလ်မှုးချုပ် ထိန်မောင်၏ ခွဲထွက်အဖွဲ့နှင့်အတူ မြန်မာစစ်တပ်မှ တပ်ရင်း
(၆)ရင်းသည် ကေအဲန်ယူ တပ်မဟာ (၇) နယ်မြေအတွင်းသို့ လွန်ခဲ့သော သုံးရက်ခန့်မှ
စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ကေအဲန်ယူ မှ တပ်ရင်း ၁၀၁၊ ထာလော့ စခန်း၊
တပ်ရင်း ၂၄မှ သေ့ကာယစခန်းတို့ ဆုံးရှုံးခဲ့ရသည်။
တပ်စခန်းအချို့
လက်လွတ်လိုက်ရသော်လည်း တပ်မဟာ(၇) တခုလုံး ဆုံးရှုံးနိုင်ဖွယ်မရှိဟု
ပဒိုမန်းရှာလဖန်းက ယခုလို ပြောသည်။
“တပ်မဟာ (၇)ကတော့
မကျနိုင်ဘူးဗျ။ ဘာကြောင့်လဲဆိုလို့ရှိရင် တပ်မှူးတပ်သားအားလုံး အညံ့ခံမှပဲ
ကျလို့ ရမှာ ပေါ့။ အခုမှာက သူတို့ခိုင်ခိုင်မာမာ ရပ်တည်နေကြတယ်။ တပ်မဟာ
(၇)ဆိုတာကလည်း အကျယ်ကြီးဗျ။ သူ့ဒေသက။ နေရာတခုမှာ ကျနော်တို့ သွားအခြေစိုက်လို့
မရဘူးဆိုရင် ကျန်တဲ့နေရာတွေမှာ သွားအခြေ စိုက်လို့ ရတယ်။ အဲလို အခြေအနေရှိတယ်။
ဒါကြောင့်မို့လို့ တပ်မဟာ (၇) ခိုင်ခိုင်မာမာ ရပ်တည်နေမှာပဲ။ အေး ကျန်တဲ့
ခရိုင်တွေ တပ်မဟာတွေလည်း အလားတူစွာပေါ့လေ။ သူတို့လည်း ခိုင်ခိုင်မာမာ
ဆက်လက်ပြီး တော့ ရပ်တည်နေမှာပဲ။ ”
နှစ်ဖက်တိုက်ပွဲတွင်
ကေအဲန်ယူဖက်မှ တပ်မှူးတဦး ကျဆုံးပြီး တပ်သား ငါးဦး ဒဏ်ရာရရှိကာ ဒီကေဘီအေနှင့်
မြန်မာစစ်တပ်ဖက်မှ မည်မျှကျဆုံးသည်ကို အတိအကျမသိရပေ။
စစ်ဆင်မှု မရပ်တန့်ပါက
ကေအဲန်ယူအနေဖြင့် ဆက်လက် ခုခံကာကွယ်သွားမည် ဖြစ်သော်လည်း ယခုကဲ့သို့
စစ်ဆင်နေမည့်အစား တွေ့ဆုံဆွေးနွေးပြီး အဖြေရှာလျှင် ပိုသင့်တော်မည်ဟု
ပဒိုမန်းရှာက ဆက်လက်ပြော သည်။
မြန်မာစစ်အစိုးရသည်
သွေးခွဲရေးဝါဒကို မကျင့်သုံးပဲ နိုင်ငံရေး စကားဝိုင်းပေါ်တွင်သာ ဆွေးနွေး
အဖြေရှာသင့် သည် ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ
ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်)မှ အထွေထွေ အတွင်းရေးမှူး ရဲဘော်ဆန်နီက
ပြောသည်။
“ဒီအပေါ်မှာတော့
ကျနော်တို့ အေဘီအက်စ်ဒီအက်ဖ်အနေနဲ့ နအဖ လုပ်တဲ့ လုပ်ရပ်တွေကို ကျနော်တို့
ရှုတ်ချတယ်။ သဘောထားမှန်တယ်ဆိုလို့ ရှိရင်၊ ဒီကနေ့ တကယ့်ငြိမ်းချမ်းရေး အစစ်မှန်
လိုချင်တယ်ဆိုလို့ ရှိရင်တော့ နိုင်ငံရေးအရ တန်းတူညီမျှမှုရှိတဲ့
တွေ့ဆုံဆွေးနွေးရေးကနေပြီးတော့မှ ကျနော်တို့ ငြိမ်းချမ်းရေးကို ဆွေးနွေးလို့
ရပါတယ်။ ဒါပေမယ့် ဒီလိုနည်းမျိုးနဲ့ အောက်လမ်းနည်းမျိုးနဲ့ လုပ်တဲ့အပေါ်မှာတော့
ကျနော်တို့ အများကြီး ရှုတ်ချပါတယ်။ ”
မြန်မာပြည်
ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (မဒမခ)ကလည်း မြန်မာစစ်အစိုးရက ဒီကေဘီကေကို
ရှေ့တန်း တင်ကာ ကေအဲန်ယူ နယ်မြေအတွင်း စစ်ဆင်မှုအား အပြင်းအထန် ရှုတ်ချကြောင်း
ယနေ့ ကြေညာချက်ထုတ် ပြန်သည်။
လက်နက်ကိုင်
ပဋိပက္ခနယ်မြေအတွင်းရှိ အပြစ်မဲ့ပြည်သူများအား အဝေးမှ လက်နက်ကြီး များနှင့်
ပစ်ခတ်ခြင်း လူနေအိမ်ခြေများ အနီးတွင် မြေမြှုပ်မိုင်းများ ချထားခြင်းစသော နအဖ၏
လုပ်ရပ်အား လူသားများအပေါ် ရာဇ ၀တ်မှု ကျူးလွန်မှုအဖြစ် သတ်မှတ်၍ ကေအဲန်ယူ
နယ်မြေအတွင်း အပြစ်မဲ့ပြည်သူများအပေါ် စစ်ဆင်နေမှုများ အား ချက်ချင်းရပ်ဆိုင်းရန်
မဒမခ မှ တောင်းဆိုထားသည်။
ဒီကေဘီအေက ယခုလို
ထိုးစစ်ဆင်ခြင်းသည် ကေအဲန်ယူမှ ၄င်းတို့ကားသုံးစီးကို ပစ်ခတ်၍ ဖြစ်ကြောင်း ကြေ
ညာချက် ထုတ်ပြန်ခဲ့သလို ဗိုလ်မှူးချုပ်ထိန်မောင်နှင့် အဖွဲ့ကလည်း ၄င်းတို့
တပ်ဖွဲ့ဝင်များကို ကေအဲန်ယူမှ ခြုံခို တိုက်ခိုက်ခဲ့သဖြင့်
တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြောသည်။
|