မဲဆောက်တွင် အထူးစီမံချက်ဖြင့် ဖမ်းဆီးသဖြင့် အလုပ်သမားများ အခက်အခဲဖြစ်နေ

သတင်းနှင့်မီဒီယာ ကွန်ယက်။ အားမီ။
မေလ ၁၀ ရက်၊ ၂၀၁၀ ခုနှစ်။

ထိုင်းနယ်စပ်မြို့ဖြစ်သည့်မဲဆောက်တွင် တာ့ခ်ခရိုင်မှအထူးရဲတပ်ဖွဲ့က အထူးစီမံချက်ဖြင့်ဖမ်းဆီးနေသဖြင့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ အခက်အခဲဖြစ်နေရသည်။

မဲဆောက်မြို့ အရှေ့ခြမ်း မယ်တောင်မိုင်ကျေးရွာရှိ သိုးမွှေးစက်ရုံတစ်ခုတွင် ယနေ့ညနေ ပိုင်းအချိန်က မြန်မာ အလုပ်သမား ၂၀၀ ကျော်ဖမ်းဆီးခံခဲ့ရသည်ဟု အလုပ်သမားတစ်ဦး က ယခုလိုပြောသည်။

ဒီနေ့ညနေသုံးနာရီခွဲလောက်မှာ SR သိုးမွေးစက်ရုံမှာ လူပေါင်း ၂၀၀ ကျော် ထပ်ပြီးတော့ အဖမ်းခံရ တယ်။

ထို့အပြင် ပြီးခဲ့သည့် စနေနေ့မှစ၍ ယနေ့နံနက်အထိ သုံးရက်အတွင်း ဖမ်းဆီးခံရသူပေါင်း ၄၀၀ ကျော်ရှိသည်ဟု ၎င်းကဆက်ပြောသည်။

နယ်စပ်မှာ ဒီစနေကစပြီး အဖမ်းအဆီးများနေတယ်။ ဒီအဖမ်းဆီးတွေက မဲဆောက်မှာရှိတဲ့ အိုမီကာ အထည်ချုပ်စက်ရုံက ၁၂၀၊ ကမ်းနဖူးနွားရုံသိုးမွှေးစက်ရုံက၂၀၀၊ ပီးတော့ ဘေးပတ်ဝန်းကျင်မှာ ဖမ်း တာတွေနဲ့ဆိုရင် အားလုံးပေါင်း ၄၀၀ လောက် ရှိတယ်လေ။”

တာ့ခ်ခရိုင်အထူးရဲတပ်ဖွဲ့မှ တရားမဝင်အလုပ်သမားများအား နေရပ်ပြန်ပို့ရေးစီမံချက်အရ  စီမံကိန်းချ၍ ဖမ်းဆီး ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင်ခွင့်လက်မှတ် ကိုင်ဆောင်ထားပြီး တရားဝင်အလုပ်သမား လက် မှတ် ကိုင်ဆောင်ထားခြင်း မရှိသူများ လည်း ဖမ်းဆီးခံရသည်ဟု မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူ ဦးမိုးကြိုးက ပြောသည်။

၅နှစ်ခံ၊ ၁၀နှစ်ခံသမားတွေက စက်ရုံတွေမှာလည်းရှိတယ်။ ဆောက်လုပ်ရေးတို့ မွေးမြူရေး တို့မှာ လည်းရှိတယ်။ ဈေးရောင်း နေတာလဲရှိတယ်။ ၅ နှစ်ခံ ၁၀ နှစ်ခံလက်မှတ်ဆိုတာက နေထိုင်ခွင့် လက်မှတ်ဖြစ်တယ်။ အဲ့ဒါအလုပ်လုပ်လို့မရဘူးဆိုတဲ့ သဘောနဲ့လိုက်ဖမ်းတာလေ အခုဖမ်းနေတာ သုံးရက်ရှိပြီဗျ။”  

ဖမ်းဆီးမှုများကြောင့် အလုပ်ရုံ စက်ရုံအချို့မှ အလုပ်သမားများ ရာနှင့်ချီ၍ တောထဲသို့ ထွက်ပြေးတိမ်း ရှောင်နေ ကြရသည်ဟု ၎င်းက ဆက်ပြောသည်။

ဒီမနက်ဆိုရင်လည်း ၇ နာရီခွဲ လောက်ကစပြီးတော့ ST ဖက်ရှင် မြန်မာတွေအလုပ်လုပ်တဲ့ ချန်ပီယံ သိုးမွှေးစက်ရုံပေါ့ မြန်မာတွေအကုန်လုံး ၇၀၀ လောက်ကလယ်ကွင်းတွေကိုဖြတ်၊ တောတွေတောင် တွေထဲထွက်ပြေးနေတာ။ အခုဆိုရင် ဘုန်းကြီးကျောင်းတွေ အရိပ်ရှိတဲ့ နေရာတွေ အပင်တွေအောက် တွေမှာ ခိုကပ်ပြီးပုန်းအောင်း နေရတယ်။”  

ရာသီဥတုပူပြင်းနေချိန်တွင် ယခုလိုဖမ်းဆီးသည့်အတွက် မြန်မာအလုပ်သမားများအနေနှင့် ရေပြသနာများလည်း ကြုံတွေ့နေရသည်ဟု ဦးမိုးကြိုးက ဆက်ပြောသည်။

ရာသီဥတုက ပူပြင်းတယ်ဗျာ။ ရေတွေဘာတွေဖြည့်ပေးတယ်လေ ဒါပေမယ့် မလောက်ဘူး။ ကျနော် ရေအကူညီထပ်တောင်းထားတယ်လေ။ ပြေးရတာက ဒီစက်ရုံတရုံထဲမှ မဟုတ်တာ နေရာအနှံ့ကို။ လာ ဖမ်းတာကအယောက် ၂၀ ထဲဆိုပေမယ့် သူဝိုင်း ထားတာက နေရာအနှံ့ အပြားဆိုတော့ အားလုံးက ကျီးလန့်စာစားဖြစ်နေတာလေ။”

ရာသီဥတု ပူပြင်းနေသဖြင့် တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် အလုပ်သမားများ ၏ သောက်သုံးရေ မလုံလောက်မှုအပြင် ကျန်းမာရေးအတွက် စိုးရိမ်မကင်း ဖြစ်နေကြရ သည်ဟု အလုပ်သမား အရေးဆောင်ရွက် နေသူများက ပြောသည်။

ပူပြင်းသည့်ရာသီတွင် ထွက်ပြေးပုန်းရှောင်ရသည့်အတွက် သေဆုံးသူများလည်းရှိသည်ဟု သတင်းများထွက်ပေါ် နေသော်လည်း သီးခြားအတည်ပြုချက်မရသေးပါ။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။