ကော့ကရိတ်- မြ၀တီလမ်းပြို၊ ကားအသွားအလာရပ်ဆိုင်း

ခွန်အောင်မြတ်။
သြဂုတ်လ ၁၀ ရက်၊ ၂၀၀၇ ခုနှစ်။

ကရင်ပြည်နယ်အတွင်း မိုးသည်းထန်ရွာသွန်းမှုကြောင့် တောင်ကမ်းပါးပြိုကျသွားသဖြင့် ထိုင်း-မြန်မာနယ်စပ် အဓိ က ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သော ကော့ကရိတ်နှင့် မြ၀တီအကြား ကားအသွားအလာများ ရပ်ဆိုင်းထား ရသည်။

မြ၀တီမှ ဘားအံနှင့် အခြားနယ်သို့ ပြန်မည့် ခရီးသည်များသည် မြ၀တီမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် တည်းခိုနေကြရကာ ကုန်သည်များ အခက်အခဲ တွေ့နေကြောင်း မြ၀တီမြို့ခံများက ပြောသည်။

မြ၀တီမြို့မှ ၁၉ မိုင်ခန့်ဝေးကွာသည့် အလယ်ဘိုတဲအလွန်တွင် ယမန်နေ့မနက်ပိုင်းက တောင်ကျရေ တိုက်စား ပြီး ကားလမ်း ပြိုကျခဲ့ခြင်းဖြစ်သည်။

မြ၀တီမှ ကားသမား တဦးက ကျောက်ကမ်းပါး ပဲ့ကျသွားခြင်းဖြစ်သည်ဟု ပြောသည်။

“ခြောက်ပေကျော်ကျော် လောက်ပေါ့နော် ပဲ့ကျသွားတယ်ပေါ့နော်။ အရှည်ကတော့ ပေနှစ်ဆယ် လောက်ရှိတယ်။ ကျောက်ကမ်းပါးပေါ့နော်။ ကားကတော့ လွတ်သလောက် လွတ်သွားတယ်။ ပြိုကျတဲ့ အချိန် မနက်ဖက် ဖြစ်နေတယ်လေ။ ကိုးနာရီ ဆယ်နာရီလောက်ဖြစ်သွားမယ်။ မနေ့မနက်တုန်းက။ ကားတွေတော့ ဘာမှပြဿနာမရှိဘူး။ လူတွေလည်း ပါတာပဲ ဘာသံ မှ မကြားရဘူး။”

ယမန်နေ့သည် မြ၀တီမှ ဘားအံ ကားဆင်းသည့်နေ့ဖြစ်သဖြင့် မနက်အစောပိုင်း ထွက်သည့်ကားများ လွတ်သွား သော်လည်း ကျောက်ကမ်းပါးပြိုကျပြီး နောက်ပိုင်းထွက်သည့် ကားများမှာ မြ၀တီမြို့သို့ ပြန်လာကြရသည်။

မြ၀တီ-ဖားအံကြား ကားများမှာ အဆင်းတရက် အတက်တရက် သတ်မှတ်ထားသည်။

ပြိုကျသွားသည့် ကားလမ်းကို သက်ဆိုင်ရာ အာဏာပိုင်များက ယနေ့ စတင် ပြုပြင်နေသည်။

ကော့ကရိတ်နှင့် မြ၀တီကားလမ်း ပြုပြင်တည်ဆောက်မှုမှာ ရက်အတော်အတန်ကြာမြင့်နိုင်သည်ဟု ခန့်မှန်း ကြောင်း မြ၀တီ မြို့ခံတဦးက ပြောသည်။

“မနေ့ကအထိပေါ့ ဆိုင်ကယ်တောင်သွားလို့ မလွယ်ဘူး။ ကျန်တဲ့ကားတွေတော့ ဆင်းလို့ မရသေး ဘူး။ ကျနော် သတင်းကြားတာကတော့ ကားလမ်း ၁၅ ရက်လောက် ပိတ်ထားမယ် လို့ သတင်းကြား တယ်။ (ကားလမ်းကို) ပြင်နေတယ်ခင်ဗျား။ ပြင်နေတယ်ဆိုတာကို ရက်တော့ အတိအကျမဟုတ်ဘူး။ ကျနော်ကြားတာကတော့ ရဲစခန်းထဲက ကြားရတဲ့ သတင်းအရတော့ ၁၅ ရက်လောက် ကြာမယ်လို့ ပြောသံကြားတယ်။ ”

မြန်မာနိုင်ငံအနှံ့အပြား မိုးရွာသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ပြိုမှု၊ ကားလမ်း၊ ရထားလမ်း ရေကျော်မှု၊ မြစ် ရေကြီးသဖြင့် တံတားများ ကျိုးကျပျက်စီးမှု၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း စသည့် မြို့ကြီးတို့တွင် ရေလွမ်းမိုးမှုနှင့် လယ်ယာများ ရေနစ်မြုပ်မှုများ ဖြစ်ပွားနေသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။