မယ်တော်ဆရာတော်ဘုရား ရုပ်ကလာပ် ပရိဿတ် ထောင်ချီ ဖူးမျှော်

ခွန်အောင်မြတ်။
အောက်တိုဘာလ ၉ ရက်၊ ၂၀၀၈ ခုနှစ်။

ထိုင်း-မြန်မာနယ်စပ်တွင် ပျံလွန်တော်မူသွားသည့် ဆရာတော်ဘုရား၏ ရုပ်ကလာပ်တော်အား ယမန်နေ့က နိဗ္ဗာန်ကျောင်းသို့ ပင့်ဆောင်ရာတွင် ကိုးကွယ် ကြည်ညိုကြသည့် ထိုင်းနှင့် မြန်မာလူမျိုး ထောင်နှင့်ချီ၍ လာ ရောက် ဖူးမျှော်ကြသည်။  

မဲဆောက်မြို့တွင် ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံသားများကို ကူညီစောင့်ရှောက်ပေးသည့် မယ်တော် ဘုန်း တော်ကြီးကျောင်း ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တ ပဏ္ဍိစ္စ သက်တော် ၈၉ နှစ်၊ ၀ါတော် ၆၉ ၀ါ သည် ယခုလ ၃ ရက်၊ ၀ါဆိုလဆန်း ၄ ရက် သောကြာနေ့တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့သည်။

ဆရာတော်ဘုရား၏ ရုပ်ကလာပ်တော်ကို ယမန်နေ့ မွန်းလွဲပိုင်းက နိဗ္ဗာန်ကျောင်းသို့ ပင့်ဆောင်ပွဲတွင် ထိုင်းနိုင်ငံ မဲဆောက်မြို့မှ ဘုန်းတော်ကြီးကျောင်းများအပြင် မြန်မာဘက်ကမ်းရှိ မြ၀တီမြို့ရှိ မြန်မာဘုန်းတော်ကြီး ကျောင်း အပါအ၀င် ကျောင်းပေါင်း ၃၀ ကျော်မှ ဆရာတော် သံဃာတော်များ ရာနှင့်ချီ၍ ကြွရောက်လာကြသည် ဟု ဆရာတော်ဘုရား၏ လက်ထောက်လည်းဖြစ် ငယ်သူငယ်ချင်းလည်းဖြစ်သည့် ကိုရင်ကြီး ရှင်ဥတ္တရက မိန့် ကြားသည်။

“ထိုင်းထုံးစံရော၊ မြန်မာထုံးစံရော နှစ်မျိုးလုံးလုပ်တယ်။ တရားအရင်နာတယ်။ ထိုင်းထုံးစံလို တရား အရင်နာတယ်၊ နာပြီးရင် မြန်မာဘုန်းကြီးနဲ့ သံဃာတော်ကို ပင့်ပြီးတော့ မြန်မာထုံးစံလို တရားပြန်နာ တယ်။ တရားနာပြီးရင် နိဗ္ဗာန်ကျောင်းကို ပင့်ဆောင်သွားမယ်။ သံဃာအများကြီးပဲ ကျောင်းပေါင်း ၃၀ ကျော် ပင့်တယ်။ ထိုင်းလည်း ပါတယ်၊ မြန်မာလည်း ပါတယ်။ မြ၀တီလည်းပါတယ်။”

မဲဆောက်မြို့တွင် မြန်မာဘုန်းတော်ကြီးကျောင်း ၅ ကျောင်း ရှိသည့်အနက် မယ်တော်ကျောင်းတွင် မြန်မာ့မှု၊ မြန်မာ့ဟန် မပျက် စေတီပုထိုးများ ကျောင်းကန်များကို ဆရာတော်က ဦးဆောင်ပြီး တည်ဆောက်ခဲ့သည်။

ပအိုဝ်းလူမျိုးဖြစ်သည့် ဆရာတော် ဘဒ္ဒန္တ ပဏ္ဍိစ္စသည် ကရင်ပြည်နယ် မြိုင်ကလေး ကျေးရွာတွင် မွေးဖွားပြီး ရဟန်းခံစဉ် ဘွဲ့တော်အရင်းမှာ ဦးစန္ဒောဘာသဖြစ်သည်။ ရဟန်း(၇)၀ါရချိန် ဂျပန်ခေတ်ကာလတွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ မြန်မာဘုန်းတော်ကြီး ကျောင်းဖြစ်သည့် ကျောင်းကြီးကျောင်းသို့ ပြောင်းရွှေ့သီတင်းသုံးခဲ့သည်။

ဆရာတော် ၀ါတော် ၁၀ ၀ါ ရရှိချိန်တွင် မယ်တော်ကျေးရွာရှိ ဒကာ၊ ဒကာမတို့၏ ပင့်ဖိတ်မှုကြောင့် မယ်တော် ကျောင်း (ထိုင်းအမည် ၀ပ်ထိုင်း ၀ပ်ထနာရမ် ကျောင်းတိုက်) ကို တည်ဆောက်ပြီး ဦးပဏ္ဍိစ္စ ဘွဲ့အမည် ပြောင်း ကာ ပျံလွန်တော်မူသည်အထိ သာသနာပြု သီတင်းသုံးသည်။

ဆရာတော်ဘုရားသည် နယ်စပ်သို့ ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများနှင့် ဒေသခံ ဒကာ၊ ဒကာများအား ဗုဒ္ဓသာသနာ အဓွန့်ရှည်ရန်အတွက် နှစ်စဉ် ရက်ကြီးခါကြီးများတွင် မြန်မာ့ရိုးရာဓလေ့ဖြင့် ရဟန်းခံရှင်ပြု ပေးခြင်း၊ သာရေးနာရေးတို့တွင် ဦးဆောင်ပြုလုပ်ပေးခြင်း လူမျိုးမရွေး ဘာသာမရွေး ဒုက္ခရောက်သောသူများကို ကူညီ စောင့်ရှောက်ခြင်းများ အစဉ်မပြတ်ပြုလုပ်သဖြင့် လူအများ ကြည်ညိုလေးစားမှုကို ခံရသည့် ဆရာတော် ဖြစ် သည်။

“ဆရာတော်ဟာ စည်းကမ်းလည်းကြီးသလို စေတနာကလည်း ကောင်းတယ်။ ဘာလဲဆိုတာ့ တခါက ဆရာတော်ဘုရား ဧည့်သည်သိပ်များတယ်။ တချို့ကို မောင်းထုတ်လိုက်။ အစားအသောက် အကုန် အကျများတယ်။ ဆန်လည်း မတတ်နိုင်ဘူး။ ဆန်က တရက် တအိတ်လည်း မလောက်ဘူး။ နှစ်ရက် သုံးအိတ်ဆိုတော့ မတတ်နိုင်ဘူး။ တချို့ကို မောင်းထုတ်ပြီး အလုပ်သွားလုပ်ခိုင်းပါလားလို့ ကိုရင်ကြီး က လျှောက်တော့ ဆရာတော်က ကိုရင်ကြီးတဲ့ သီရီဓမ္မာသောကမင်းကြီး အလှူဒါနပြုလုပ်တာ ထမင်း ရည်ဟာ ချောင်းတောင် စီးတယ် မဟုတ်လား။ အခု တပည့်တော်လှူဒါက ပြည်လိုက် တင်းလိုက်ပဲ ရှိ တယ်။ နှိုင်းယှဉ်လို့တောင် မရဘူးတဲ့။ အဲလိုမိန့်ကြားတယ်။ ” ဟု ရှင်ဥတ္တရက ဆက်လက်မိန့်ကြားသည်။

ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ဒါယိကာ ဒါယိကာမများ ဖူးမျှော်ကြည်ညိုရန် နိဗ္ဗာန်ကျောင်းတွင် ရက် ပေါင်း ၁၀၀ ကြာ ထားပြီး အန္တိမ ဈာပန ဆင်ယင်မည်ဖြစ်သည်။
 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။