မြန်မာစစ်အစိုးရသည် လူ့အခွင့်အရေး ကြေညာစာတမ်းကို လိုက်နာခြင်းမရှိ စနစ်တကျ ပိုမိုချိုးဖောက်နေဆဲ

နွယ်လေး။
ဒီဇင်ဘာလ ၁၀ ရက် ၊၂၀၀၈ ခုနှစ်။

မြန်မာအစိုးရသည် နိုင်ငံရေးခေါင်းဆောင်များ၊ လူ့အခွင့်အရေး လှုပ်ရှားသူများကို နှစ်ရှည် ထောင်ဒဏ်ချမှတ်ခြင်း အပြင် ကလေးစစ်သား အသုံးပြုခြင်း၊ လုပ်အားပေး ခိုင်းစေခြင်း၊ တိုင်းရင်းသား အမျိုးသမီးများကို လက်နက် သဖွယ် ပစ်မှတ်ထား အကြမ်းဖက်ခြင်းများ စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေဆဲဟု လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့များက ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ (၁၀)ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်းကြီးကို သဘောတူ လက်မှတ်ရေးထိုးခဲ့သည့် နှစ်(၆၀)ပြည့်နေ့ ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ နှစ်(၆၀) ပြည့် သော်လည်း မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေဆဲဟု လူ့အခွင့်အရေး အဖွဲ့အစည်းများက ပြောဆိုသည်။

မြန်မာစစ်အစိုးရသည် ကုလသမဂ္ဂ အထွေထွေညီလာခံမှ ချမှတ်အတည်ပြု ထုတ်ပြန်ခဲ့သည့် အချက်(၃၀) ပါ လူ့အခွင့်အရေးကြေငြာစာတမ်းကို လိုက်နာကျင့်သုံးရန် သဘောတူညီချက်များရှိခဲ့သော်လည်း မြန်မာနိုင်ငံသား များသည် လူသားများမွေးရာပါ အခြေခံ လူ့အခွင့်အရေးများကို နည်းပေါင်းစုံနှင့် ချိုးဖောက်ဖျက်ဆီးခံနေရပြီး ကုသမဂ္ဂ ကြေငြာစာတမ်းကြီး၏ အကာအကွယ်ကို အပြည့်အ၀ အကျိုးခံစားခွင့် မရရှိသည်ကို စိတ်မကောင်း ဖြစ်မိကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားကောင်စီ တွဲဘက် အတွင်းရေးမှုး (၁) ဦးမြင့်သိဏ်း က ပြော ဆိုသည်။

 “လက်ရှိကျင့်သုံးနေတဲ့ ကုလသမဂ္ဂက ပြဌာန်းထားတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာ စာတမ်းနဲ့အညီ ခံစားနိုင်တဲ့အခြေအနေဖြစ်အောင် တစ်ကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံအသီးသီးက ခေါင်း ဆောင်တွေ ကမ္ဘာနိုင်ငံသူနိုင်ငံသား အားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့၊ လူသားအခွင့်အရေး ကာ ကွယ်မှုနဲ့ ရှင်သန်မှုကို ဆက်လက်ကြိုးပမ်းသွားနိုင်ရန် ၀ိုင်းဝန်းလုပ်ဆောင် ကြပါရန်”  ဦးမြင့်သိဏ်းက တိုက်တွန်း ပြောဆိုသည်။

“လူ့ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးကို အပြည့်အ၀ ခံစားရမယ်” ဆိုသည့် လူအခွင့်အရေး ကြေငြာ စာတမ်းပါ အချက်များကို အချို့နိုင်ငံမှ အစိုးရများက လိုက်နာသော်လည်း အချို့နိုင်ငံများမှာမူ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ရှိနေဆဲဖြစ်သည်။ ယင်းနိုင်ငံများထဲတွင် မြန်မာစစ်အစိုးရသည် လူ့အခွင့်အရေး ကြေညာစာတမ်းပါ အပိုဒ်များအားလုံးကို လိုက်နာခြင်းမရှိပဲ စနစ်တကျ ပိုမိုချိုးဖောက်နေဆဲဟု လူ့အခွင့်အရေး ပညာပေးဌာန(မြန်မာနိုင်ငံ) ဒါရိုက်တာ ဦးအောင်မျိုးမင်း က ပြောသည်။

“နိုင်ငံတကာအလယ်မှာ မြန်မာ့လူ့အခွင့်အရေးစံချိန်က တော်တော် ရှက်စရာ ဖြစ်နေပါတယ်။ မကြာ ခင်က သိသာထင်ရှားစေတဲ့ အချက်က တက်ကြွလှုပ်ရှားစွာလုပ် ဆောင်သူကို ထောင်ဒဏ် အပြစ် ကြီးကြီးမားမား ချမှတ်တာ။ ဒါဆိုလို့ရှိရင်တော့ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူအပေါ် အပြစ်ပေး အရေးယူတာက အဆိုးဝါးဆုံးဖြစ်တယ်။ မတရားတဲ့ ပြစ်ဒဏ်ချမှတ်ခြင်းက ကျနော်တို့ တိုင်းပြည်မှာရှိတဲ့ ဥပဒေတရားစီရင်မှု အားနည်းမှု၊ တရားရုံးမှာ လူတွေက လူသားအဖြစ် ရင်ဆိုင်ခွင့် မရှိဘူး။ တရားရုံးမှာ လူသားကဲ့သို့ ဆက်ဆံပိုင်ခွင့် မရှိဘူးဆိုတာ ပြနေတဲ့အချက်တွေပဲဖြစ်တယ်။”

ဆက်လက်၍ “အမှန်က ဒီလိုနေ့က လူအခွင့်အရေး ခံစားခွင့်ရှိတဲ့သူတွေအတွက် ဂုဏ်ယူစရာနေ့ ဖြစ် ပေမယ့် ကျနော်တို့ အခြေနေက ခုထိ အခွင့်အရေးချိုး ဖောက်ခံနေရ တော့ လက်ရှိ လူ့အခွင့်အရေး တိုက်ပွဲဝင်သူတွေ ဖမ်းဆီးခံရသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ အခမ်းအနား တွေကျင်းပတာဖြစ်တယ်။ ပြည်သူလူထု အနေနဲ့ ဘယ်နေရာရောက်ရောက် လူ့အခွင့်ရေးကို ခံစားခွင့်ရရှိဖို့လိုအပ်တယ် တိုက်ပွဲ ၀င်ဖို့ လိုအပ်တယ်။” ဟု ဦးအောင်မျိုးမင်းက ပြောသည်။

နှစ်(၆၀) ပြည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ကို ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငတွင် ကျင်းပပြုလုပ်ကြမည် ဟု ဦးအောင်မျိုးမင်းက ပြောသည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားများကို နိုင်ငံအသီးသီးရှိ လူ့အခွင့် အရေး လှုပ်ရှားသူများ က ကျင်းပပြုလုပ်ကြသည်။
 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။