စေတနာ နာရေးကူညီမှုအသင်း ချင်းမိုင်မြို့တွင် ဖွဲ့စည်း

သီတာထွန်း။
ဒီဇင်ဘာလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ်။

ငွေကြေးမတတ်နိုင်သူ၊ ဆွေမျိုးသားချင်းမရှိသူ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကူညီရန်ရည်ရွယ်ပြီး ထိုင်း နိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့နေ မြန်မာအလုပ်သမား စေတနာရှင်တစုက “စေတနာ နာရေးကူညီမှုအသင်း” ကို ဖွဲ့စည်းလိုက်သည်။

မိမိပတ်ဝန်းကျင်ရှိ မြန်မာအလုပ်သမားများကြားတွင် ကွယ်လွန်သည့်အခါ ငွေကြေးချို့တဲ့ မှု၊ ဆွေမျိုးသားချင်း မရှိမှုတို့ကြောင့် ရုပ်အလောင်းများကို ဆေးရုံတွင်ပိုင်ရှင်မဲ့အဖြစ် စွန့်ပစ်ထားကြသည်ကို အများဆုံး တွေ့မြင်ရ သောကြောင့်  ကူညီရန်စိတ်ကူးရရာမှ အသင်းစတင်ဖွဲ့စည်းဖြစ်ကြာင်း “စေတနာ နာရေးကူညီမှုအသင်း” ၏ ဥက္ကဌဖြစ်သူ ကိုငယ်က ပြောသည်။

“သူငယ်ချင်းတွေကပြောတာရော၊ ကိုယ်တိုင်အတွေ့အကြုံရောပေါ့နော်၊ တချို့ဆို ဆေးရုံကြီးမှာ ဆုံးသွားတဲ့လူတွေဘာတွေ အများကြီးရှိတယ်လေ၊ အဲလိုဆုံးသွားတဲ့ အချိန်မှာ မိသားစုဆွေမျိုး မရှိတာ လည်း တွေ့ရတယ်၊ အဲမှာ ငွေရေးကြေးရေး အဆင်မပြေမှု တွေလည်း မြင်ရတာပေါ့၊ အဲလိုအမြင်လေး တွေ တဦးတယောက်မြင်ရတာမျိုးမဟုတ်ဘဲ များတဲ့အနေအထားကို မြင်ရတဲ့အခါကျတော့ တခုခု လုပ် ပေးသင့်တယ်လို့ ထင်လာလို့ပါ၊ ဘာဖြစ်လို့လည်းဆိုတော့ သူတို့က လူအားလည်းမရှိဘူး အဲလိုအခက် အခဲတွေ့နေတဲ့ လူတွေက၊ ကူညီပေးမဲ့လူ မရှိဘူးပေါ့နော်၊ တချို့ဆိုပေါ့နော်၊ အက်ဆီးဒင့်တခုပေါ့နော်၊ သေဆုံးသွားတယ်၊ သေဆုံးသွားတဲ့အချိန်မှာ မြန်မာပြည်သားလည်းဖြစ်နေတယ်၊ ဆွေမျိုး တွေထဲက လည်း တဦးတယောက်ဘဲဆိုတော့ သူ့အနေနဲ့ ဘာမှမတတ်နိုင်ဘဲ ဆေးရုံမှာ ဒီလိုဘဲပစ်ထားခဲ့တာတွေ၊ အဲလိုပစ်ထားခဲ့တယ်ဆိုတော့ သူ့အတွက်ဘာလုပ်ပေးမယ် ဆိုတာကိုတော့ ကျန်တဲ့အပိုင်းကိုတော့ မသိဘူးပေါ့နော်၊ သူ့ရဲ့ လူတယောက်ကလည်း သူဘာလုပ်ရမယ်ဆိုတာ ဘာမှ မသိတဲ့အတွက် သူက ဒီအတိုင်းဘဲ ပစ်ထားပြီးမှ သွားလိုက်ရတာပေါ့၊ အဲလိုမျိုးလေးတွေကို မြင်ရလို့ပါ။”

“စေတနာ နာရေးကူညီမှုအသင်း”  ကို စေတနာရှင်များ၏ စုပေါင်းထည့်ဝင်ငွေ သုံးသောင်းနှစ်ထောင်ဘတ် ဖြင့် စတင်တည်ထောင်ထားပြီး လူမျိုး ဘာသာမရွေး ကူညီရန် အသင့်ရှိနေသည်ဟု အသင်း၏အတွင်းရေးမှူး ကိုကျော်စွာက ပြောသည်။

“ရှိတဲ့လူနဲ့စပြီးတော့မှ ကိုယ်နိုင်တဲ့ငွေပမာဏနဲ့မပြီးတော့ တည်ထောင်တာပေါ့၊ အဓိက ကတော့ ကိုယ့် မြန်မာပြည်သားတွေ ဘယ်သူမဆိုပေါ့ ဘာသာခြားလည်းမပြောဘူး၊ ကချင်၊ ကယား၊ ကရင်၊ ချင်း လည်းမခွဲခြားဘူး။”

လူတဦးတယောက်၏ နောက်ဆုံးခရီးမြေကျချိန်တွင် ဖြစ်သလိုလေးသာ မဟုတ်စေရဘဲ အကောင်းဆုံးဖြစ်အောင် ကူညီလိုခြင်းဖြစ်ကြောင်း ကိုကျော်စွာက ပြောသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတဦးဖြစ်သူ ကိုကျော်မိုးက ယခုကဲ့သို့သော အသင်းအဖွဲ့မျိုးးမှာ မြန်မာအလုပ် သမားများကြားတွင် ရှိသင့်ကြောင်းပြောသည်။

“ ဒီလိုအသင်းမျိုးပေါ်လာတော့ ကောင်းတာပေါ့ဗျာ၊ တချို့ဆို သေပြီးရင် ဘယ်မှာသင်္ဂြီုလ် ရမှန်း ဘယ်လို လုပ်ရမှန်းကို မသိကြတာ၊ ခုလိုနာရေးကူညီမှုအသင်းရှိလာတော့ အဆင်ပြေ သွားတာပေါ့။”

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်တွင် တရားဝင်အလုပ်သမား မှတ်ပုံတင်ထားသည့် ရွေ့ပြောင်းအလုပ်သမား (၇)သောင်းကျော်ခန့်ရှိပြီး တရားမ၀င်နေထိုင်လုပ်ကိုင်သူ ၂ သိန်းကျော်ခန့်ရှိသည်ဟု ချင်းမိုင်အခြေစိုက် ရွေ့ပြောင်းအလုပ်သမားအရေးကို ကူညီ ဆောင်ရွက်ပေးနေသည့် မက်ဖောင်ဒေးရှင်းက ခန့်မှန်းထားသည်။

စေတနာ နာရေးကူညီရေး အသင်းသည် အလုပ်သမား အချင်းချင်း စုပေါင်းမတည်ပြီး ဖွဲ့စည်းထားသည့် ပထမဆုံး အဖွဲ့ဖြစ်သည်။ အသင်းတည်ထောင်ကာစဖြစ်၍ လာရောက် အကူအညီတောင်းခံသူများ မရှိသေး သော်လည်း အသင်းအတွက် အလှူငွေ ထည့်ဝင်ရန်ဖြစ်စေ၊ နာရေးအတွက် အကူအညီတောင်းခံ လိုသည်ဖြစ်စေ ဆက်သွယ်လိုပါက “စေတနာ နာရေးကူညီမှုအသင်း” ဦးပညာဇောတ (နာယက) - ဖုန်း - ၀၈၆- ၁၈၂၉၅၂၆၊ ကိုငယ် (ဥက္ကဌ) - ဖုန်း - ၀၈၆- ၉၁၈၁၄၁၁၊ ကိုကျော်စွာ (အတွင်းရေးမှူး) ၀၈၅ - ၆၁၅၀၁၄၉ သို့ ဆက်သွယ် နိုင်သည်။
 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။