|
မြန်မာအရေးလှုပ်ရှားသူများ ယူအန်န်အိတ်ခ်ျစီအာရ် ရုံးရှေ့တွင်ဆန္ဒပြတောင်းဆို
နွယ်လေး။
ဒီဇင်ဘာလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ်။
ထိုင်းနိုင်ငံ
ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး
ယူအန်န်အိတ်ခ်ျစီအာရ်ရုံး ရှေ့ တွင် ချိုးဖောက်ခံရသည့် လူ့အခွင့်အရေးများအတွက်
မြန်မာ့အရေးလှုပ်ရှား သူများအဖွဲ့ -Burma Democratic Network (BDN) က
ဦးဆောင်ပြီး ယနေ့နံနက်တွင် တောင်းဆို ဆန္ဒပြခဲ့ကြသည်။
အပြည်ပြည်ဆိုင်ရာ
လူ့အခွင့်အရေး ကြေငြာစာတမ်းကို သဘောတူ လက်မှတ်ရေးထိုးရာ နှစ်(၆၀) ပြည့် ယနေ့
ဒီဇင်ဘာလ ၁၀ရက် နံနက် ၁၁ နာရီခန့်တွင် မြန်မာပြည်သူများ၏
လူ့အခွင့်အရေး ဆုံးရူံးမှုများအတွက် မြန်မာ အရေးလှုပ်ရှားသူများအဖွဲ့မှ ဦးဆောင်
တောင်းဆိုဆန္ဒပြကြခြင်းဖြစ်သည်ဟု ယင်းအဖွဲ့မှ ကိုစောလှဝင်းက ပြော သည်။
“မြန်မာပြည်သားတွေ
လူ့အခွင့်အရေး ဆုံးရှုံးနေတာကို ယူအန်န်အိတ်ခ်ျစီအာရ်က ကူညီဆောင်ရွက် ပေးဖို့
ကျနော်တို့ အဓိက တောင်းဆိုတာ”
လူ့အခွင့်အရေးချိုးဖောက်ခံရမှုနှင့် ပတ်သက်ပြီး တောင်းဆိုချက်ပါသည့် စာတစောင်ကို
ယူအန်န်အိတ်ခ်ျစီအာရ် ရုံးရှိ တာဝန်ရှိသူအား
ပေးအပ်ခဲ့သည်ဟု ဆန္ဒပြအဖွဲ့မှ ကိုကျော်ဦး က ပြောဆိုသည်။
“အဓိက အချက် (၃)
ချက်ဖြစ်တဲ့ နအဖအစိုးရကို ဆန့်ကျင်ရှုတ်ချတာ၊ ဒီမိုကရေစီနဲ့ ဆန့်ကျင်တဲ့ ၂၀၀၇
ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မြန်မာပြည်ကိုယ်စား လက်မခံဘူး။
စစ်အာဏာရှင်ရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်တယ်ဆိုတဲ့စာကို ဆန္ဒပြအဖွဲ့မှ
ဦးဆောင်ပြီး ယူအန်န်အိတ်ခ်ျစီအာရ် ရုံး မှာ စာတင်တောင်းဆိုတယ်။”
မြန်မာအရေးလှုပ်ရှားသူ
အင်အား ၁၀၀နီးပါးခန့်သည် နိုင်ငံရေး အကျဉ်းသားများကို နှစ်ရှည်ထောင်ဒဏ် ချမှတ်
သည့် လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ အောင်ဆန်းစုကြည် အပါအ၀င် ဖမ်းဆီးထားသည့်
နိုင်ငံရေးသမားများအား လွှတ်ပေးရေး၊ မြန်မာအစိုးရမှ ဒေါ်အောင်ဆန်းစုကြည်၊
တိုင်းရင်းသားခေါင်းဆောင်များနှင့် သုံးပွင့်ဆိုင် ဆွေးနွေး ရေးနှင့်
မြန်မာစစ်အစိုးရ ကိုယ်ကျိုးရှာသည့် လုပ်ရပ်များကို ကန့်ကွက်ရှုတ်ချသည့်
ပိုစတာများအား
ကိုင်ဆောင် ကာ ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။
ထိုင်းနိုင်ငံရောက်
မြန်မာရွှေ့ပြောင်း အလုပ်သမားများ တရားဝင် ရပ်တည်ခွင့် တရားဝင် အလုပ်သမားအခွင့်
အရေး ရရှိခွင့်များကိုလည်း ထည့်သွင်းတောင်းဆိုကြသည်။
၎င်းတို့မတိုင်မီ
ထိုင်းပြည်သူ ၂၀၀ နီးပါး ခန့်လည်း ယနေ့နံနက် ၁၀ နာရီအချိန်တွင် အလုပ်သမားများ
နစ်နာ ဆုံးရှုံးသည့် အခွင့်အရေးများကို ဘန်ကောက်ရှိ ယူအန်န်အိတ်ခ်ျစီအာရ်
ရုံးတွင် လာရောက် တောင်းဆို ဆန္ဒပြခဲ့ကြသည်။
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် ခေါင်လတ် အခြေစိုက် အခြေခံလူထု
လူ့အခွင့်အရေး အဖွဲ့သည် အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို
ကျင်းပမည်ဟု သိရှိရသည်။
|