|
မဲဆောက်မြို့တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ထွက်ပြေးပုန်းရှောင်နေရ
ဇော်ကြီး။
ဒီဇင်ဘာလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ်။
ထိုင်းနယ်စပ်
မဲဆောက်မြို့တွင် ရဲတပ်ဖွဲ့က တရားမ၀င်အလုပ်သမားများကို နေ့စဉ် ၂၀၀ ကျော်
ဖမ်းဆီးနေသည့် အတွက် အလုပ်သမားများ ထောင်နှင့်ချီပြီး တောတွင်းသို့
ပုန်းရှောင်နေကြရသည်။
အလုပ်ရုံ၊
စက်ရုံများမှ မြန်မာအလုပ်သမားများကို အလုပ်ရှင်များက တောထဲသို့
ရှောင်တိမ်းခိုင်းသည်ဟု မြန်မာ အလုပ်သမားများကို ကူညီဆောင်ရွက်ပေးသူ
ကိုမိုးကြိုးက ပြောသည်။
“ထွက်ပြေးပုန်းအောင်းနေရတဲ့ အလုပ်သမား အခုချိန် တစ်ထောင်လောက်ရှိတယ်။ နေရာ
အနှံ့အပြား မှာ အခုကျနော်ပြောတာ မဲဆောက်မြို့ အရှေ့နဲ့ အရှေ့တောင်ဖက်မှာပဲ
တစ်ထောင်လောက်ရှိတယ်။ ကျန်တဲ့အရပ်တွေတော့ မသိရသေးဘူး။”
ယခုလ ၅ ရက်နေ့မှ
စတင်ကာ တရားမ၀င်အလုပ်သမားများ နေ့စဉ် ဖမ်းခံရသည်ဟု ကိုမိုးကြိုးက ဆက်ပြော သည်။
“လမ်းပေါ်မှာတွေ့ရင်လည်း ဖမ်းတယ်၊ စက်ရုံရှေ့ကတန်းလျားတွေကို ချောင်းပြီးလည်း
ဖမ်းတယ်။ အလုပ်သမားတွေပုန်းအောင်းနေတဲ့ တောအုပ်တွေမှာလဲ လိုက်ဖမ်းတယ်။
ပုံစံမျိုးစုံပဲ။ ၂၅၀ ၀န်းကျင် လောက်တော့ ဖမ်းတယ၊် ဒါပေမယ့်အဲဒီထက်တော့
အရင်ကလိုဗျာ တနေရာထဲမှာ အယောက် ၃၀၀ တွေဘာတွေ မရှိသေးဘူး။ ဟိုနေရာမှာ ၅၀
လောက်ဖမ်း၊ ဟိုနေရာမှာ ၃၀ လောက်ဖမ်း ကောက်သင်း ကောက်
အဲလိုဖမ်းတဲ့ပုံစံမျိုးရှိတယ်။ တနေရာထဲမှာ ပက်ပက်စက်စက် စက်ရုံတစ်ရုံလုံး
ဖမ်းတာမရှိ သေးဘူး ခုထိ။ ခုဖမ်းတာ ၅ ရက်ရှိပြီ ကနေ့ကောဆို။”
အချို့စက်ရုံပိုင်ရှင်များက ၎င်းတို့၏ အလုပ်သမားများကို မြန်မာဖက်ကမ်း
မြ၀တီမြို့သို့ ခေတ္တရှောင်တိမ်းရန် ပြောကြောင်း ရောင်ခြည်ဦး အလုပ်သမားအဖွဲ့
တာဝန်ခံ ကိုမိုးဆွေ ကလည်း ပြောသည်။
“ရှောင်ကြပုန်းကြတာ
စက်ရုံအလုပ်ရုံတွေကတော်တော်တော့ များတာပေါ့။ ဒါပေမယ့် သူတို့လည်း တစ်ရုံတည်း
တချိန်တည်းတော့မဟုတ်ဘူး။ ရဲတွေ လာမဲ့အချိန်ကို မှန်းပြီးတော့ ပြောင်းကြ၊
ပုန်းကြဆို တော့ တစ်ထောင်နှစ်ထောင်တော့ရှိတာပေါ့။ အဲဒီမှာ သူတို့ ပြေးကြတဲ့
ရုံတွေက ပြေးတဲ့သူတွေက လည်း သိပ်အဝေးကြီးတော့ မဟုတ်ဘူးပေါ့။ အဲဒီ စက်ရုံအနီး
ပတ်ဝန်းကျင် နည်းနည်းကြာမယ်လို့ ထင်တဲ့ ရုံတွေကျတော့ ဟိုဖက်ကမ်းမှာ သွားနေကြ
တယ်။”
မဲဆောက်မြို့ပြင်ရှိ
စက်ရုံများမှလည်း ထွက်ပြေှးပုန်းအောင်းနေရသူပေါင်း ၅၀၀ ကျော် ရှိသည်ဟု
ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ ကိုထွေးနိုင် က ပြောသည်။
“ကပ်ပိဘန်းဘက်မှာက
တစ်ရုံပြေးရတယ်။ လက်မှတ်မရှိတဲ့သူတွေအတော်များများ ပြေးရတယ်။ နောက်ပြီးတော့
ဟိုဖိုင်မှာက ၃ ရုံပြေးရတယ်။ အလုပ်သမားတွေက ၅၀၀ ကျော် လောက်ရှိတယ် သုံးရုံ
ပေါင်း။”
ပုန်းအောင်းနေသူအများစုမှာ စက်ရုံအလုပ်သမားများဖြစ်ပြီး အခြားကျပန်းလုပ်ကိုင်သူ
များနှင့် ကိုယ်ပိုင် လုပ်ငန်း လုပ်ကိုင်သူများလည်း ပါဝင်သည်။
လွန်ခဲ့သည့် ဒီဇင်ဘာလ
(၉) ရက်နေ့ကလည်း ထိုင်းနိုင်ငံဘန်ကောက်မြို့၊ စမုန်ပရကန် မြို့နယ်၊ ဘန့်ဖရိုင်
ရှိ ဖိနပ် စက်ရုံတစ်ရုံ၌လည်း အလားတူ အလုပ်သမားလက်မှတ်မရှိသည့်
သူများရာနှင့်ချီ၍ ဖမ်းဆီးခံခဲ့ရသည်။
ထိုင်းနိုင်ငံရေး
မတည်ငြိမ်မှုနှင့် စီးပွားရေး ကျဆင်းမှုကြောင့် မဲဆောက်ရှိ စက်ရုံ၊ အလုပ်ရုံ
အတော်များများ ရပ် ဆိုင်းလိုက်ရပြီး အလုပ်သမားပေါင်း ၃၀၀၀ ခန့် အလုပ်လက်မဲ့
ဖြစ်ခဲ့ရသည်ဟု အလုပ်သမားအရေး ကူညီသူ များက ပြောသည်။
|