|
စခန်းဖျက်ဆီးခံရမည်ကို ကရင် ဒုက္ခသည်များ စိုးရိမ်ထိတ်လန့်နေ
ဧပြီလ ၁၁ရက်၊
၂၀၀၇ခုနှစ်။
ကရင်အမျိုးသား
အစည်းအရုံး (ကေအဲန်ယူ)မှ ခွဲထွက်သွားသော အဖွဲ့များ စခန်းအတွင်းသို့
ဝင်ရောက်ဖျက်ဆီး မည်ဟု သတင်းများထွက်ပေါ်နေ၍ ထိုင်းနယ်စပ် မယ်လ စခန်းရှိ
ကရင်ဒုက္ခသည်များ စိုးရိမ်ပူပန် လျက်ရှိကြ သည်။
တိုက်ပွဲများဖြစ်ပွားနေသော ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်မဟာ ၇
အနီးရှိ မယ်လ ခေါ် ဘဲကလော် ဒုက္ခသည်စခန်းကို တိုးတက်သော ဗုဒ္ဓဘာသာ
ကရင်အမျိုးသားတပ်ဖွဲ့(ဒီကေဘီအေ)၊ ဗိုလ်မှူးချုပ် ထိန်မောင် ဦးဆောင်သော ကရင်
ခွဲထွက်အဖွဲ့ နှင့် အစိုးရစစ်တပ်တို့က တိုက်ခိုက်ဖျက်ဆီးမည်ဟူသော သတင်း များ
ထွက်ပေါ်နေ၍ ဒုက္ခသည်များ စိုးရိမ်ထိတ်လန့် နေကြသည်။
မယ်လဒုက္ခသည်စခန်းတွင်း
အခြေအနေကို ဒုက္ခသည်အမျိုးသမီးတဦးက ယခုလို ပြောသည်။
“မယ်လစခန်း
အခြေအနေကတော့ နေခင်းဖက်ကျရင် အခြေအနေကောင်းတယ်။ ည ည ကျရင် အခြေအနေ
သိပ်မကောင်းဘူး။ အဲလိုမျိုးပေါ့။ ဟိုးဖက်ကမ်းက ပြန်သွားတဲ့ ငြိမ်းချမ်းရေး
ဒီတဖွဲ့က အခု သူတို့ စစ်ဆင်ရေး လုပ်နေတယ်။ သူတို့ ဒီဖက်မှာ
အန္တရာယ်ပြုနိုင်တယ်လို့ သတင်းကြားတယ်။ ”
လွန်ခဲ့သည့် တနင်္လာနေ့ည
၉နာရီခန့်က စခန်းအတွင်းသို့ ဒီကေဘီအေနှင့် နအဖစစ်တပ်များ ၀င်ရောက် လာ သည်ဟူသော
သတင်းများထွက်ပေါ်ခဲ့၍ ဒုက္ခသည်များ ထိတ်လန့်ကြောက်ရွံ့ကာ ထွက်ပြေးခဲ့ကြပြီး ည ၁၂
နာရီ ခန့်တွင်မှ အခြေအနေများ ပြန်လည်ငြိမ်သက်သွားခဲ့သည်။
ယမန်နေ့က
ထိုင်းစစ်တပ်၊ စခန်းအုပ်ချုပ်ရေးကော်မတီနှင့် ဒုက္ခသည်များနှင့် သက်ဆိုင်သော
အခြားအဖွဲ့ အစည်းများ အစည်းအဝေးကျင်းပခဲ့ပြီး စခန်းအတွင်း၌ ည ၇နာရီကျော်ပါက
နေအိမ်ပြင်ပသို့ သွားလာခြင်း မပြု ရန်နှင့် မီးမထွန်းရန် အာဏာပိုင်များက
အမိန့်ထုတ်ပြန်ခဲ့သည်။
လွန်ခဲ့သည့်အပတ်အတွင်းက ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)၏ တပ်မဟာ ၇
နယ်မြေအတွင်းသို့ စစ်ဆင်ရေးများ စတင်လာပြီးနောက် ထိုင်းစစ်တပ်ကလည်း
စခန်းအတွင်းအပြင်ကို လုံခြုံရေးများ တိုးမြှင့်ချထား ခဲ့သည်။
ဒုက္ခသည်အချို့သည်
တိုက်ပွဲများဖြစ်ပွားလာပါက အလွယ်တကူ သယ်ယူထွက်ပြေးနိုင်စေရန် အတွက် အ၀တ်
အစားများ ထုပ်ပိုးပြင်ဆင်ထားသကဲ့သို့ အချို့သည် စခန်းပြင်ပရှိ လုံခြုံရာ
နေရာများတွင် တိမ်းရှောင်နေကြ သည်ဟု သိရ သည်။
ထိုင်းအာဏာပိုင်များက
လုံခြုံရေး တိုးမြှင့်ချထားပြီး ဒုက္ခသည်များအား မကြောက်လန့်ရန်
ပြောကြားသော်လည်း စခန်းအတွင်းရှိ ဒုက္ခသည်များမှာ စိုးရိမ်ပူပန်လျက် ရှိသည်ဟု
ဒုက္ခသည်အမျိုးသားတဦး ယခုလို ပြောသည်။
“ဘယ်လိုပဲ
ထိုင်းကပဲပြောပြော၊ အုပ်ချုပ်ရေးတွေက ဘယ်လိုပဲ လုံခြုံအောင် ကာကာ
ပြည်သူတွေကတော့ ကြောက်စိတ်က တအားဝင်ပြီးတော့ လန့်ဖြန့်ပြီးနေကြတာက
ဘာဖြစ်လို့လဲဆိုတော့ သူတို့နဲ့ နီးစပ်တဲ့ပုဂ္ဂိုလ် နှစ်ဖက်က ပြန်ပြီးတော့
တိုက်နေကြတဲ့အခါကျတော့ အတွင်းသိ အစင်းသိတွေလေ။ အဲဒီတော့ သူတို့က အရင် ထက်ကို
စိုးရိမ်စိတ်က ပိုတယ်လို့ ပြောလို့ရတယ်ဗျ။”
၁၉၉၅ခုနှစ်အတွင်းကလည်း
ဒီကေဘီအေတပ်ဖွဲ့များသည် မယ်လဒုက္ခသည်စခန်းအတွင်းသို့ ၀င်ရောက်လာကာ
ပစ်ခတ်တိုက်ခိုက်ခဲ့ဖူးသဖြင့် ယခုထိုးစစ်တွင်လည်း ဒီကေဘီအေနှင့် နအဖစစ်တပ်များ
ထပ်မံဝင်ရောက် လာမည် ကို ဒုက္ခသည်များက စိုးရိမ်နေခြင်းဖြစ်သည်ဟု ၄င်းက
ဆက်လက်ပြောသည်။
၁၉၉၈ခုနှစ်က
ဒီကေဘီအေနှင့် နအဖစစ်တပ်က ဟွေခလုတ် ဒုက္ခသည်စခန်းကို ၀င်ရောက်တိုက်ခိုက်ခဲ့၍
လူနှစ် ယောက် သေဆုံးခဲ့ကာ ၂၀ခန့် ဒဏ်ရာရခဲ့ပြီး စခန်းတွင်းရှိ
အိမ်ခြေ၈၀ရာခိုင်နှုန်းကျော် မီးရှို့ ဖျက်ဆီးခံခဲ့ရသည်။
|