|
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး အတွက် မြန်မာသံရုံးရှေ့တွင် ထပ်မံ ဆန္ဒပြ
နွယ်လေး။
ဇွန်လ ၁၁ ရက်၊ ၂၀၀၉ ခုနှစ်။
မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မြန်မာစစ်အစိုးရက အမိန့်ချမည့် ဇွန်လ
(၁၂)ရက် နေ့ကို ကမ္ဘာနိုင်ငံအသီးသီး သိရှိရန် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ
မြန်မာသံရုံး ရှေ့တွင် မြန်မာဒီမိုကရက်တစ်ကွန် ယက် က ဦးဆောင်ပြီး ယနေ့
တောင်းဆို ဆန္ဒပြကြသည်။
မြန်မာဒီမိုကရက်တစ်ကွန်ယက် ဦးဆောင်ပါဝင်သူ ကိုအံ့မောင်က
“ဒေါ်အောင်ဆန်းစုကြည် အပေါ် မတရား အမှုဆင်ထားတဲ့ကိစ္စကို ဒီ ၁၂ ရက်နေ့မှာ
စစ်အစိုးရက အမိန့်ချမှာဆိုတော့ ဒီ ၁၁ ရက်နေ့မှာ ကမ္ဘာ့နိုင်ငံအသီးသီးက
အကုန်လုံးသိရအောင် ကျနော်တို့က ဒီမြန်မာသံရုံးရှေ့မှာ တောင်းဆိုဆန္ဒပြ တာ
ခင်ဗျာ။” ဟုပြောသည်။
ယနေ့ ၁ နာရီအချိန်မှစ၍
မြန်မာကျောင်းသား၊ အလုပ်သမားများနှင့် နိုင်ငံခြားသား အပါအ၀င် လူပေါင်း ၃၀
ကျော်က တစ်နာရီကြာ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရန် ပို့စတာ ကိုင်ဆောင်ကာ
ကြွေးကြော်ဆန္ဒ ပြခဲ့ကြသည်။
ဆန္ဒပြပွဲ၌ ၁၉၉၀
ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် NLD ပါတီကို အသိအမှတ်ပြုရန်၊ နိုင်ငံရေး
အကျဉ်းသားများ လွှတ်ပေးရန်၊ ၂၀၀၈ ခုနှစ်တွင် စစ်အစိုးရ ရေးဆွဲသည့် အခြေခံဥပဒေကို
အသိအမှတ်မပြုကြောင်းနှင့် ဒေါ် အောင်ဆန်းစုကြည်ကို ချွင်းချက်မရှိ လွှတ်ပေးရေး၊
သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ပြုလုပ်ရေးအတွက် ဗိုလ်ချုပ်မှူး ကြီးသန်းရွှေထံ
လိပ်မူပြီး ရေးသားထားသည့် စာအား မြန်မာသံရုံး ၀န်ထမ်းများမှတဆင့်
ပေးပို့ခဲ့သည်ဟု မြန်မာ ဒီမိုကရက်တစ် ကွန်ယက် အဖွဲ့မှ ကိုသန်းဖေ ကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အား
မတရား ဖမ်းဆီးချုပ်ချယ်ခြင်းကို မြန်မာပြည်သူများ လက်မခံ ကြောင်း ထိုင်းပြည်
သူများ ပိုမိုသိရှိရန် ဇွန်လ(၁၂)နေ့မှ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဖြစ်သော
(၁၉)ရက်နေ့ ထိ ဘန်ကောက်မြို့ တွင်းနှင့် စက်ရုံ၊ အလုပ်ရုံများတွင် မြန်မာ၊
အင်္ဂလိပ်နှင့် ထိုင်း သုံးဘာသာဖြင့် လက်ကမ်းစာစောင်များ ဖြန့် ဝေသွားမည်ဟု
ကိုအံ့မောင်က ဆက်ပြောသည်။
“ခုထိုင်းအစိုးရ အဖိဆစ်က မြန်မာနိုင်ငံအတွက် သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို
ချွင်းချက်မရှိ လွတ်ပေးဖို့ တောင်းဆိုထားတာဆိုတော့ ကျနော်တို့က ထိုင်းပြည်သူတွေ
အကုန်လုံး ဒေါ်စုကို စစ် အစိုးရ မတရား ဖိနှိပ်ချုပ်ချယ်ထားတာကို
မြန်မာပြည်သူလူထုတွေ လက်မခံတာ၊ ၉၀ ခုနှစ်ရွေး ကောက်ပွဲကို အသိအမှတ်ပြုပေးဖို့
ရေးထားတဲ့ စာစောင်တွေ ဖြန့်မှာ။”
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး အတွက် မြန်မာ့အရေး လှုပ်ရှားတက်ကြွသူများသည်
ဘန်ကောက် ရှိ သက်ဆိုင်ရာ နိုင်ငံခြားသံရုံးများရှေ့တွင် ဆန္ဒပြတောင်းဆိုခြင်းသည်
ယခု ခြောက်ကြိမ်မြောက် ဖြစ်သည်။
ရန်ကုန်အင်းစိန်ထောင်တွင် အမှုရင်ဆိုင်နေရသည့် ဒေါ်အောင်ဆန်းစုကြည်အမှုကို
နှစ်ဘက်အပြီးသတ် လျှောက် လဲချက်ပေးရန် လာမည့် ဇွန်လ ၁၂ ရက်နေ့သို့
ရွှေ့ဆိုင်းထားပြီး ရန်ကုန်တိုင်း တရားရုံးက အောင်ဆန်းစုကြည် ဘက်မှ
သက်သေနှစ်ဦးကို ပယ်ချထားသည်။
|