|
မြန်မာပန်းချီဆရာ အများဆုံးပါဝင်သော ပန်းချီပြပွဲ ချင်းမိုင်တွင် ဖွင့်လှစ်
သတင်းနှင့် မီဒီယာကွန်ယက်။
ဇူလိုင်လ ၁၁၊ ၂၀၀၇ခုနှစ်။
ခေတ်ပြိုင်
မြန်မာအနုပညာရှင်များဖန်တီးမှုလက်ရာ ၁၀၀ ကျော်ကို ချင်းမိုင်တက္ကသိုလ် Art Museum
ခေါ် အနုပညာပြခန်းတွင် ယမန်နေ့က ဖွင့်လှစ်ခဲ့သည်။ ယင်းပြပွဲသည်
မြန်မာပြည်ပြည်ပတွင် မြန်မာ အနုပညာသည် များ အင်အားအများဆုံးပါဝင်ပြသခဲ့သော
ပွဲဖြစ်သည်။
ပြပွဲ၏
ထူးခြားချက်နှင့် ပတ်သက်၍ “ကျနော်တို့ အရင်တုံးကလုပ်တဲ့ Group Show ဆိုတာ
အများဆုံး ငါးယောက်တို့ သုံးယောက်တို့ အဲလောက်တွေပါပဲ။ နောက် တကယ့်ကို
၃၀ကျော်ပြတဲ့ပွဲက ဒီတပွဲပဲ ရှိသေးတယ်။ နောက် တကယ်ကို Museum တခုမှာ
စုစုစည်းစည်းနဲ့ ပြရတာလည်း ပထမဆုံးပါပဲ။” ပြည်ပတွင် ပန်းချီပြပွဲ ၁၀ပွဲခန့်
ပြသခဲ့သူ ပန်းချီဆရာ ဇော်ဝင်းဖေက ပြောသည်။
ခေတ်ပြိုင် မြန်မာ
အနုပညာပြပွဲ
(Myanmar Contemporary Art Exhibition)
ဟု အမည်ပေးထားသော ပြပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ် အနုပညာဌာနနှင့်
ချင်းမိုင်မြို့တွင် ဖွင့်လှစ်ထားသော သုဝဏ္ဏဘုမ္မိ မြန်မာပန်းချီ ပြခန်းပိုင်ရှင်
မမာမာတို့က ပူးပေါင်းတင်ဆက်ခြင်း ဖြစ်သည်။ သုဝဏ္ဏဘုမ္မိပန်းချီပြခန်း၏
သုံးနှစ်ပြည့် အထိမ်း အမှတ်ပြပွဲလည်း ဖြစ်သည်။
ပြပွဲပြသရခြင်း၏
ရည်ရွယ်ချက်ကို မမာမာက “ကျမကတော့ မြန်မာပန်းချီဆရာတွေရဲ့ လက်ရာတွေကို ပြ
ချင်တာ သက်သက်ပါပဲ။ မြန်မာပန်းချီဆရာတွေကို အားလုံး တစုတစည်းတည်း
လုပ်ချင်တဲ့ဆန္ဒပါပဲ။” ဟု ပြောသည်။
ချင်းမိုင်တက္ကသိုလ်
ပန်းချီအနုပညာဌာနက ကထိကတဦးသည် သုဝဏ္ဏဘုမ္မိ ပြခန်းသို့ လာရောက်ကြည့်ရှုပြီး နောက်
၎င်းတို့တက္ကသိုလ် အနုပညာပြခန်းတွင် မြန်မာပန်းချီလက်ရာကောင်းတွေကို
စုစည်းပြသရန် ဖိတ်ခေါ်ခဲ့ ရာမှ ယင်းပြပွဲကို စီစဉ်ဖြစ်ခဲ့ကြောင်း မမာမာက
ဆက်ပြောသည်။
ယင်းပြပွဲတွင်
မြန်မာပြည်မှ နံမည်ကျော်လူငယ် ပန်းချီဆရာများ ဖြစ်သော မင်းဝေအောင်၊ ဇော်ဝင်းဖေ၊
နေမျိုး ဆေး၊ မြန်မာမော်ဒန်ပန်းချီခေတ်ဦးကို စတင်ခဲ့သော ဆရာခင်မောင်ရင်နှင့်
မန္တလေးပန်တျာကျောင်းအုပ်ဟောင်း ဆရာဝင်းဖေတို့အပါအ၀င် ပန်းချီဆရာ ၃၅ယောက်၏
ပန်းချီကားများကို ပြသခဲ့သည်။
ပြသခဲ့သော မြန်မာ
အနုပညာလက်ရာများတွင် ပန်းပုပညာရှင် ဆန်နီညိမ်း၏ မော်ဒန် ပန်းပုရုပ်တု ၇
ရုပ်နှင့် ဓါတ် ပုံပညာရှင် စိန်မျိုးမြင့်တို့၏ ဓါတ်ပုံ ၅ကား နှင့်အတူ
ပန်းချီကားပေါင်း ၁၁၄ကား ပါဝင်သည်။
ဖွင့်ပွဲ
အခမ်းအနားတွင် ပန်းချီဆရာမ မသိင်္ဂီက မြန်မာပန်းချီသမိုင်းကြောင်းကို
စာတမ်းဖတ်တင်ပြခဲ့ပြီး ချင်းမိုင် တက္ကသိုလ် အနုပညာဌာနက တွဲဖက်ပါမောက္ခ မစ္စတာ
ဆူရတ်ဆ၀ပ် ဆုဆ၀ပ်က အခမ်းအနားကို ဖွင့်လှစ်ပေး ခဲ့ကာ ထိုင်း၊ မြန်မာနှင့်
နိုင်ငံခြားသား ပရိသတ် စုစုပေါင်း၂၀၀ကျော် တက်ရောက် ခဲ့သည်။
တက်ရောက်လာသော
ပရိတ်သတ်တဦးဖြစ်တဲ့ ချင်းမိုင်တက္ကသိုလ် အနုပညာဌာနမှ ပါမောက္ခ မစ္စ ဆွမ်ပွန်း
ရော့ဘွမ်က “ဒါဟာ သိပ်ခမ်းနားတဲ့ ပြပွဲတခုပါ။ နောက် ထိုင်းလူမျိုးတွေအတွက်
မြန်မာခေတ်ပြိုင် ပန်း ချီဆရာတွေရဲ့ လက်ရာကို ပထမဆုံးတွေ့ရတာလဲဖြစ်ပါတယ်။
ဒီပြပွဲဟာ ယဉ်ကျေးမှုနဲ့ သမိုင်းဆိုင် ရာအရ လေ့လာစရာတွေ ရစေသလို
ချစ်ကြည်ရင်းနှီးမှုကိုလည်း ဖြစ်စေပါတယ်။” ဟု သုံးသပ်သည်။
ခေတ်ပြိုင် မြန်မာ
အနုပညာ ပန်းချီပြပွဲကို ချင်းမိုင် တက္ကသိုလ်ရှိ Art Museum
တွင်
ဇူလိုင်လကုန်အထိ ပြသ သွားမည် ဖြစ်ပြီး ရောင်းဈေး ဒေါ်လာ ၁၇၀၀၀ စီသတ်မှတ်ထားသော
မင်းဝေအောင်၏ ပန်းချီကားနှစ်ကားမှာ ဈေးအမြင့်ဆုံးဖြစ်သည်။
|